CNI International News

နယူးဒေလီ၊ စက်တင်ဘာ ၁၉

အိန္ဒိယနိုင်ငံက အုပ်ချုပ်ထားသည့် ကက်ရှ်မီးယားဒေသဘက်ခြမ်းတွင် ဒေသတွင်း ရွေးကောက်ပွဲများကို စက်တင်ဘာ ၁၈ ရက်က စတင်ပြုလုပ်ခဲ့ပြီး မဲဆန္ဒရှင်များသည် မဲရုံများသို့လာရောက်ပြီး မဲပေးခဲ့ကြကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ကက်ရှ်မီးယားဒေသတွင် တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ၂၀၁၉ ခုနှစ်က ရုပ်သိမ်းခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်သည့် ဒေသန္တရအစိုးရအဖွဲ့ ရွေးကောက်ပွဲအား မဲထည့်ရန် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းကတည်းက မဲရုံများအပြင်ဘက်၌ မဲပေးသူများတန်းစီခဲ့ကြသည်။

ကက်ရှ်မီးယားဒေသ၏ နေရာ ၉၀ ရှိသည့် လွှတ်တော်အတွက် ကိုယ်စားလှယ်များကို ရွေးချယ်ရန် မဲပေးဖို့ စာရင်းသွင်းခဲ့သော မဲဆန္ဒရှင်ပေါင်း ၉ သန်းခန့်ရှိခဲ့သည်။

စက်တင်ဘာ ၁၈ ရက်တွင် မဲပေးမှု ပထမအဆင့်ကို ပြုလုပ်ပြီးနောက် ဒုတိယနှင့် တတိယအဆင့် မဲပေးမှုများအား စက်တင်ဘာ ၂၅ ရက်နှင့် အောက်တိုဘာ ၁ ရက်တို့တွင် ထပ်မံပြုလုပ်သွားမည်ဖြစ်သည်။

ထို့နောက်  အောက်တိုဘာ ၈ ရက်တွင် မဲများကို ရေတွက်မည်ဖြစ်ပြီး ရလဒ်ကို ကြေညာမည်ဖြစ်သည်။

ကက်ရှ်မီးယား ရွေးကောက်ပွဲ မဲပေးမည့်သူများကို တွေ့ရစဉ်

ကက်ရှ်မီးယားနိုင်ငံရေး လေ့လာသုံးသပ်သူ ရှိတ်ရှိုးကက် ဟူစိန် (Sheikh Showkat Hussain) ကမူ ယခု ပြုလုပ် သည့် ရွေးကောက်ပွဲသည် ကက်ရှ်မီးယားဒေသ၏ သမိုင်းဝင် အုပ်ချုပ်ခွင့်ရ အခြေအနေအတွက် ဆန္ဒခံယူပွဲတစ်ခု ကဲ့သို့ ဖြစ်နေသဖြင့် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်က အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Modi)သည် ကက်ရှ်မီးယားဒေသ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြန်လည် ရုပ်သိမ်းခဲ့ပြီး ထိုရုပ်သိမ်းမှုကို ပြီးခဲ့သည့်နှစ်တွင် တရားရုံးချုပ်က ထောက်ခံအတည်ပြုခဲ့သဖြင့် ကက်ရှ်မီးယား ဒေသခံများကို ဒေါသထွက်စေခဲ့သည်။

မိုဒီ၏ အာဏာရပါတီ BJP  ဦးဆောင်သည့် အစိုးရအဖွဲ့ကမူ ကက်ရှ်မီးယားဒေသတွင် ပုံမှန်အခြေအနေ ပြန်ဖြစ် အောင် ထိန်းသိမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုများရှိစေရန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

အတိတ်ကာလက ကက်ရှ်မီးယားဒေသတွင် လွတ်လပ်ရေး လိုလားသည့် လက်နက်ကိုင်အဖွဲ့များသည် ကက်ရှ်မီးယားဒေသ၌ ပြုလုပ်ခဲ့သော ရွေးကောက်ပွဲများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသဖြင့် မဲပေးသူ အရေအတွက် နည်းပါးခဲ့သည်။

သို့သော် ဧပြီလနှင့် မေလများတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင်မူ ပါဝင်မဲပေးသူ ၅၈ ဒသမ ၄၈ ရာခိုင်နှုန်း ရှိခဲ့ပြီး ၃၅ နှစ်အတွင်း အမြင့်ဆုံး နှုန်းထားဖြစ်ခဲ့သည်။

Source: အယ်လ်ဂျာဇီးယား