CNI International News

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၉

အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီ (Narendra Modi) ၏ အာဏရ BJP ပါတီသည် မေလတွင်ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ အမျိုးသမီးမဲဆန္ဒရှင်များ၏ ထောက်ခံမှုကို ရရှိနေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

မိုဒီ၏ BJP ပါတီသည် ငွေကြေး အထောက်အပံ့များ၊ ဘုံပိုင်ရေထောက်ပံ့မှု၊ ၂၄ နာရီနှင့် ၇ ရက်ပတ်လုံး လျှပ်စစ်မီး ထောက်ပံ့မှု၊ ဟင်းချက်ရာတွင် အသုံးပြုသည့် ဂက်စ် ဓာတ်ငွေ့များ ထောက်ပံ့မှု အပါအဝင် အမျိုးသမီးများ သက်သာချောင်ချိရေးတို့ကို အာရုံစိုက် လုပ်ဆောင်နေသည်။

ထို့ကြောင့် အမျိုးသမီးမဲဆန္ဒရှင်များ၏ ထောက်ခံမှုကို ရရှိနေခြင်းဖြစ်သည်ဟု အသက် ၂၈ နှစ်အရွယ် နာယန်တာ ရာ ဂူပ်တာ (Nayantara Gupta) အမည်ရှိ အမျိုးသမီးတစ်ဦး က ပြောကြားခဲ့သည်။

သူသည် ယခင်က ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲ ၂ ခုတွင်လည်း မိုဒီ၏ BJP ပါတီကိုသာ မဲပေးခဲ့ပြီး ယခုနှစ် ရွေးကောက်ပွဲတွင်လည်း BJP ပါတီကိုပင် ထပ်မံမဲပေးမည်ဟု ပြောသည်။

အမျိုးသမီးများ ဟင်းချက်နေကြစဉ်

“သူ (မိုဒီ) က ကျမတို့အတွက် အပြောင်းအလဲတွေ လုပ်ပေးခဲ့ပါတယ်” ဟု မက်ဒ်ယာ ပရာဒက်ရှ် (Madhya Predesh) ပြည်နယ် ဘိုပယ် (Bhopal) မြို့တော်တွင် နေထိုင်သည့် ဂူပ်တာက ပြောသည်။

ဂူပ်တာကဲ့သို့ပင် မက်ဒ်ယာ ပရာဒက်ရှ်နှင့် ဟာယာနာ (Haryana) ပြည်နယ်များတွင် ရိုက်တာသတင်းဌာနက အင်တာဗျူး ပြုလုပ်ခဲ့သည့် အမျိုးသမီးများကလည်း မိုဒီ၏ BJP ပါတီကိုသာ မဲပေးမည်ဟု ဖြေကြားခဲ့ကြသည်။

အစဉ်အလာအားဖြင့် အိန္ဒိယ အမျိုးသမီးများသည် အဓိက အတိုက်အခံပါတီဖြစ်သည့် Congress ပါတီကိုသာ ရွေးကောက်ပွဲများတွင် မဲပေးခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် Congress  ပါတီခေါင်းဆောင် အင်ဒီယာ ဂန္ဓီ (Indira Gandi) သည် အိန္ဒိယ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

သို့သော် မိုဒီ၏ ဟိန္ဒူအမျိုးသားရေး BJP ပါတီသည် အာဏာရလာခဲ့သည့် ၁၀ နှစ်တာ ကာလအတွင်း အမျိုးသမီး မဲဆန္ဒရှင်များကို ဆွဲဆောင်နိုင်ရန် အမျိုုးသမီးများအတွက် သက်သာချောင်ချိရေး စီမံကိန်းများကို ဖော်ဆောင်ခဲ့ပြီး နောက် အမျိုးသမီးမဲဆန္ဒရှင်များ၏ ထောက်ခံမှုကို ရရှိလာခဲ့ခြင်းဖြစ်သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

Source: ရိုက်တာ