CNI International News

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၉

အိန္ဒိယနိုင်ငံတွင် ဧပြီလနှင့် မေလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ အိန္ဒိယ၏ အငြင်းပွားဖွယ် နိုင်ငံသား ဥပဒေကို ဝေဖန်ရေးသမားများက ပြင်းထန်စွာ ဝေဖန်နေပြီး မွတ်ဆလင်ဆန့်ကျင်သူများကမူ ထောက်ခံလျက်ရှိ ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရရန် ရေပန်းစားနေသည့် ဝန်ကြီးချုပ်မိုဒီ (Narendra Modi) ၏ အာဏာရ BJP ပါတီသည် လွှတ်တော်က အတည်ပြုပေးခဲ့သည့် ထိုဥပဒေကို ရွေးကောက်ပွဲမတိုင်မီ ပြဋ္ဌာန်းနိုင်ရန် စိတ်အား ထက်သန်လျက်ရှိသည်။

၂၀၁၉ နိုင်ငံသား အက်ဥပဒေ (CAA) ဟု လူသိများသည့် ထိုဥပဒေသည် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် အာဖဂန် နစ္စတန်နိုင်ငံတို့မှ ဘာသာရေး ဖိနှိပ်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်လာသည့် ဟိန္ဒူ၊ ဆစ်ခ်၊ ဗုဒ္ဒဘာသာ၊ ဂျိန်း၊ ဖာရ်စီနှင့် ခရစ်ယာန် ဘာသာဝင်များကို အလွယ်တကူ နိုင်ငံသားဖြစ်ခွင့် ပေးမည်ဖြစ်သည်။

ထိုဥပဒေပြဋ္ဌာန်းနိုင်ရေးသည် ပြီးခဲ့သည့် ရွေးကောက်ပွဲ ၂ ကြိမ်က မိုဒီ၏ ဟိန္ဒူအမျိုးသားရေး အာဏာရ BJP ပါတီ ၏ မူဝါဒ ကြေညာစာတမ်းများဖြစ်ခဲ့ပြီး လူထု၏ ထောက်ခံမှုများရရှိခဲ့ကာ ရွေးကောက်ပွဲများတွင် သောင်ပြိုကမ်း ပြို အနိုင်ရရှိခဲ့သည်။ 

 ပြည်ထဲရေးဝန်ကြီး အမစ်ရှားကို တွေ့ရစဉ်

ထိုဥပဒေကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက လွှတ်တော်တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ထိုဥပဒေကြောင့် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများလည်း ဖြစ်ပွားခဲ့သည်။ 

အတိုက်အခံများကမူ ထိုဥပဒေသည် ဘာသာရေးအရ ခွဲခြားဆက်ဆံခြင်းဖြစ်ပြီး နိုင်ငံအတွင်းရှိ မွတ်ဆလင် ဘာသာဝင်များကို ဖယ်ထုတ်ထားကြောင်း ပြောကြားခဲ့သည်။

COVID-19 ကပ်ရောဂါကြောင့် ထိုဥပဒေကို ဆန္ဒပြမှုများသည် ၂၀၂၀ ပြည့်နှစ်တွင် ငြိမ်သက်သွားခဲ့သော်လည်း အဆိုပါ နိုင်ငံသားဥပဒေသည် သောင်မတင်၊ရေမကျ အခြေအနေတွင် ဆက်ရှိနေခဲ့သည်။

“ရှင်းအောင်ပြောရရင် CAA ဟာ ဒီနိုင်ငံရဲ့ ဥပဒေဖြစ်ပါတယ်။ ဘယ်သူမှ ဟန့်တားလို့ မရပါဘူး”ဟု မိုဒီ၏ လက်ထောက်ဖြစ်သည့် ပြည်ထဲရေးဝန်ကြီး အမစ်ရှား (Amit Shah) က ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် အိန္ဒိယ၏ အနောက်ဘန်ဂေါ (West Bangal) ပြည်နယ်တွင် ပြုလုပ်သည့် အခမ်းအနားတစ်ခုမှာ ပြောကြားခဲ့သည်။

“အိမ်နီးချင်းနိုင်ငံတွေမှာ ဘာသာရေး ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ ညီအစ်ကို မောင်နှမတွေ ကို ကာကွယ်စောင့်ရှောက်ပေးဖို့ အိန္ဒိယနိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်”ဟု အမစ်ရှားက ပြောကြားခဲ့သည်။

Source: Nikkei Asia