CNI International News

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၉

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) သည် ဖေဖော်ဝါရီ ၁၈ ရက်က ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ထို့နောက် ဘန်ကောက်မြို့တော်ရှိ ၎င်းတို့မိသားစု၏ Ban Chan Song La စံအိမ်ကို ပြန်လည်ရောက်ရှိခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

သက်ဆင်သည် ရဲတပ်ဖွဲ့ အထွေထွေဆေးရုံတွင် ရက်ပေါင်း ၁၈၀ ခန့် ဆေးဝါးကုသမှု ခံယူခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၈ ရက်၌ မီဒီယာများ၏ မြင်ကွင်းကို ပထမဆုံးအကြိမ် ပြန်လည် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ 

သက်ဆင်သည် ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက် ၆ နာရီ ၉ မိနစ်တွင် ၎င်း၏ မိသားစုနှင့်အတူ ဗန်ကားတစ်စီးဖြင့် ဆေးရုံမှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

ထိုအနက်ရောင် ဗန်ကားထဲတွင် သက်ဆင်သည် ၎င်း၏ သမီးဖြစ်သူ ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) နှင့်အတူ ထိုင်နေသည်။ 

သက်ဆင် ပြန်လွတ်လာစဉ်

ဗန်ကားထဲတွင် သမီးဖြစ်သူနှင့် အတူထိုင်နေစဉ် သက်ဆင်သည် အစိမ်းရောင် နှာခေါင်းစည်းတပ်ထားသလို ကျန်းမာရေး လည်ပတ်လည်း ဝတ်ဆင်ထားသည်ကို မြင်တွေ့ရသည်။

နံနက် ၆ နာရီ ၃၂ မိနစ်တွင် သက်ဆင်တို့၏ ကားသည် Chan Song La စံအိမ်ကို ရောက်ရှိခဲ့ပြီး သက်ဆင်ကို ထောက်ခံသူများက နေအိမ်အပြင်ဘက်၌ ကြိုဆိုခဲ့ကြသည်။

ဘန်းဖလက် (Bang Phlat) ရဲစခန်းမှ ရဲအရာရှိများက သက်ဆင်တို့ လိုက်ပါလာသည့် မော်တော်ယာဉ်ကို ဆေးရုံမှ နေအိမ်သို့ သွားသည့်လမ်းကြောင်းကို ရှင်းပေးခဲ့သည်။

ထို့ပြင် သက်ဆင် ပြန်လည် မလွတ်မြောက်မီ အချိန်ကတည်းက ရဲတပ်ဖွဲ့ အထွေထွေဆေးရုံနှင့် သက်ဆင်၏ နေအိမ်ရှေ့တွင် လုံခြုံရေးများကို တင်းကျပ်ထားသည်။ 

မူလအစီအစဉ်အရ သက်ဆင်သည် ဆေးရုံမှ စာရိတ္တပြန်လည်ပြုပြင်ရေးဌာနသို့ သွားရောက်မည်ဖြစ်သော်လည်း နေအိမ်သို့ တိုက်ရိုက်ပြန်သွားခဲ့ခြင်းဖြစ်သည်။

Source: Thai PBS World