CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကို ယခုကတည်းက ကြေညာထားသင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

KIA အနေဖြင့် ကချင်ပြည်နယ်အတွင်းက ရှမ်းနီတိုင်းရင်းသားများ၏ အခွင့်အရေးကို ယခုကတည်းက ကြေညာ ထားသင့်သလို ဖက်ဒရယ်ကို အတူခံစားခွင့်ရှိရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးကြီးမြင့်က “ကျနော် ကချင်ပြည်နယ်မှာ ၄ နှစ်နေဖူးတယ်၊ ရှမ်းနီတွေနဲ့ အတူနေဖူးတယ်၊ ရှမ်းနီတွေနဲ့ ကျနော်တို့ နဲ့ လူမျိုးလည်းတူ၊ ဘာသာလည်းတူ စိတ်ထားချင်းလည်းတူ အင်မတန် သံယောဇဉ်ရှိတယ်၊ ဒါပေမဲ့လို့ မဟာဗျူ ဟာကြတော့ KIA နဲ့ပဲ သင့်အောင် နေသွားကြပြီး ဒီထွက်ပေါက်ကို မဟာမိတ်အချင်းချင်း ဆွေးနွေးပြီးတော့ ယူကြ ရမှာ ဒီလို KIO တိုက်တဲ့နည်းနဲ့ သိပ်ပြီးတော့ update မဖြစ်တော့ဘူး။ အဲဒီတော့ ရှင်းရှင်းပြောရရင် ကျနော် သံယောဇဉ်ရှိတယ်၊ ကျနော်တို့သာ ဒီတော်လှန်ရေးပြီးသွားလို့ ဖက်ဒရယ်ကိစ္စတွေ ပြောမယ်ဆိုရင် KIA လည်း ကျနော်တို့ ဝိုင်းကူပြောပေးပါမယ်၊ ရှမ်းနီတွေရဲ့ အခွင့်အရေး၊ ဖက်ဒရယ်ကို အတူခံစားခွင့်ရှိတဲ့ အခွင့်အရေးရ အောင် ပေးရမယ်။ ဒါက ကျနော်တော့ ဝင်ပြောမှာပဲ၊ နောက်တစ်ခါ KIA အနေနဲ့လည်း အခုကတည်းက တိုက်တွန်းမှာပါ၊ ခင်ဗျားတို့ ရှမ်းနီတွေနဲ့ ပြေလည်အောင်လုပ်ပါ။ ရှမ်းနီတွေရဲ့ အခွင့်အရေးကို ခုကတည်းက ကြေညာထား၊ ကြေညာထား၊ အခုခင်ဗျားတို့လည်း အာမခံဘူးဆိုတော့ အာမခံတဲ့ လူဘက်က ဝင်ရပ်နေတာ သိပ်တော့ အဆန်းတကြယ်ကိစ္စ မဟုတ်ဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

 KIA တပ်ဖွဲ့ကို တွေ့ရစဉ်

ရှမ်းနီအဖွဲ့အစည်းများ အနေဖြင့်လည်း တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းနိုင်မည့် မဟာဗျူဟာကို ချမှတ် သင့်ကြောင်း ၎င်းက ဆက်ပြောသည်။

ဦးကြီးမြင့်က “ရှမ်းနီတွေလည်းပဲ ရှုံးတဲ့ဘက်က ဝင်မလောင်းနဲ့ ရှုံးနေတဲ့ဘက်က ဝင်မလောင်းနဲ့ ဘာပဲဖြစ်ဖြစ် နိုင်တဲ့ဘက်က လောင်းရမယ်၊ ဒါတိုင်းပြည်နဲ့ လူမျိုးမျက်နှာ ထောက်တာပဲ၊ ဒါကြောင့်မို့လို ပြန်ပြီးတော့ မဟာဗျူ ဟာကို ပြန်ပြင်ပြီးတော့ ကြားထဲမှာ တော်လှန်ရေးအင်အားစုတွေနဲ့ ပေါင်းစည်းနိုင်မည့် မူဝါဒ ချပြီးတော့ အဲဒီ မူဝါဒဘောင်အတွင်းကနေ ကိုယ့်အခွင့်အရေးကို ယူမယ်ဆိုလို့ရှိရင် ဗမာလူထု တစ်ရပ်လုံးလည်း ထောက်ခံမှာပါ၊ ဘာလို့ဆို လူမျိုးတူ၊ ဘာသာတူ စိတ်ထားချင်းတူတဲ့ လူမျိုးတွေပဲ ထောက်ခံမှာပဲ၊ ကျနော်တို့လည်း ဝိုင်းဝန်းပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို မေတ္တာရပ်ခံမှာပါ” ဟု ပြောသည်။

KIA အနေဖြင့်လည်း ကချင်ပြည်နယ်အတွင်းရှိ အခြားသော လူမျိုးစုများအား လက်နက်ကိုင် အနိုင်ကျင့်သော ပုံစံမျိုး မပြုလုပ်ရန် လိုအပ်ကြောင်း နိုင်ငံရေးသမားတစ်ဦးက ပြောသည်။
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားအားလုံး သေသေချာချာ ညှိနှိုင်းရမှာဖြစ်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဖက်ဒရယ်ကို KIO အဖွဲ့အစည်းအနေနဲ့ လက်ခံလို့ NCA ကို ဝင်ပါမယ်၊ နောက်ပြီးရင် ဖက်ဒရယ် ပြည်ထောင်စု အခင်းအကျင်းတစ်ခု ဖော်ဆောင်သွားမယ်ဆိုရင်တော့ ကချင်ပြည်နယ်အတွင်းမှာ ရှိတဲ့ တိုင်းရင်းသားတွေပေါ့နော်၊ ကချင် ၆ မျိုး၊ ရှမ်းရယ်၊ ဗမာရယ်ရှိတယ်၊ ဒီကချင်ပြည်နယ် ဖက်ဒရယ်ယူနစ်မှာဆိုရင် တော့ သေသေချာချာ ညှိနှိုင်းရမယ့် အပိုင်းလေးတွေတော့ ရှိတာပေါ့နော်၊ ဖက်ဒရယ်လက်တွေ့ အကောင်အထည် ဖော်လာရင်တော့ ဒီကိစ္စ ညှိနှိုင်းရမယ့် အပိုင်းတွေ ရှိတယ်” ဟု ပြောသည်။

ရှမ်းနီတိုင်းရင်းသား တစ်ဦးကို တွေ့ရစဉ် (ဖရွန်းတီးယားမြန်မာ)

၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို အခြေခံ၍ ၈ ပြည်နယ်မူဖြင့် သွားရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်များကို အခြေခံကာ သွားရမည်ဖြစ်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “အဓိကကတော့ ပြည်နယ်ကို အခြေခံတဲ့ ဖက်ဒရယ်နဲ့ သွားဖို့တော့ လိုတာပေါ့၊ ၈ ပြည်နယ်မူကို သွားဖို့ တော့ လိုပါလိမ့်မယ်၊ ၈ ပြည်နယ်နဲ့ မသွားပဲနဲ့ လုပ်လာခဲ့ရင်လည်း လုပ်လို့ရပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် လက်နက် ကိုင်ပဲဖြစ်စေ၊ ဘယ်သူပဲဖြစ်ဖြစ် လုပ်လို့ရတယ်၊ ဒါပေမယ့် နောက်ဆက်တွဲက ဘာဖြစ်မလဲဆိုတာ ကျနော်တို့နိုင်ငံ ကို တည်ထောင်တာက ၁၉၄၇ ခုနှစ်၊ ပင်လုံစာချုပ်အရ ပြည်ထောင်စုဆိုတာကို ချုပ်ဆိုခြင်း ဖြစ်ပါတယ်။ ပြည်ထောင်စု ပေါ်ပေါက်လာတယ်၊ ဒီဟာကို အခြေခံ ပြုလုပ်ပြီးမှ သွားဖို့တော့ လိုတယ်၊ ဒါမဟုတ်ဘူးဆိုရင် လူဦးရေများတာ ၁၃၅ မျိုးဟာမျိုးကို ကိုင်စွဲပြီးမှ လုပ်ရင် ၁၃၅ ပြည်နယ်က ဘယ်ဖြစ်နိုင်မလဲ။ သက်ဆိုင်ရာ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်တွေ၊ အခွင့်အရေးတွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ လုပ်ပြီးမှ သွားနိုင်ရင်တော့ အကုန်လုံး ညီတူညီမျှ ဖြစ်မှာပဲ၊ ဥပမာ ကချင်ပြည်နယ်မှာဆိုရင်လည်း ကချင်ကို အခြေခံပြီးမှ ဖွဲ့စည်းဖို့တော့ လိုတာပေါ့၊ ရှမ်းပြည်မှာဆိုရင် ရှမ်းကို အခြေခံပြီးမှ ဖွဲ့စည်းဖို့လိုတယ်၊ ဒီထဲမှာပါတဲ့ဟာတွေရဲ့ အကုန်လုံးကို စုပေါင်းပြီးမှ သွားဖို့တော့ လိုတယ်။ ဒါကတော့ ဖက်ဒရယ်ပုံစံမျိုးနဲ့ သွားမှဖြစ်မယ်” ဟု ပြောသည်။

ကချင်ပြည်နယ်တွင် ကချင်မျိုးနွယ်စု ၆ မျိုး အပါအဝင် ရှမ်းမျိုးနွယ်စု ၅ မျိုး၊ နာဂ၊ ဗမာ၊ ရခိုင်၊ လီဆူ စသည့် လူမျိုးများ နေထိုင်လျက်ရှိသည်။