CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉

စီးပွားရေး လုပ်ငန်းများ ထူထောင်နိုင်ရေး နိုင်ငံတော်က ကူညီထောက်ပံ့ပေးရန် နိုင်ငံရေးပါတီများက တင်ပြ တောင်းဆိုခဲ့ပြီးနောက် နစကဥက္ကဋ္ဌမှ စုပေါင်း၍ လုပ်ဆောင်ကြရန် တိုက်တွန်းလာသည့်အတွက် မည်သူ့အတွက် နိုင်ငံရေးပါတီများ စီးပွားရေး လုပ်ကြမှာလဲ မေးခွန်းများ ထုတ်နေကြသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့က နိုင်ငံရေးပါတီများနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ် စီးပွားရေး လုပ်ကိုင်ခွင့်ရရှိရေး နိုင်ငံရေးပါတီများက တောင်းဆိုခဲ့ကြပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ဒုတိယအကြိမ် တွေ့ဆုံစဉ် နစကဥက္ကဋ္ဌမှ စုပေါင်း လုပ်ဆောင်ကြရန် ပြောကြားခဲ့သည်။

နိုင်ငံရေးပါတီများ စုဖွဲ့၍ နိုင်/စီး စီးပွားရေးကော်မတီလီမိတက်ပုံစံဖြင့် စီးပွားရေးလုပ်ငန်းခွင် ဖော်ဆောင်ရန် နစကဥက္ကဋ္ဌက လမ်းညွှန်ခဲ့သည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နိုင်ငံရေးပါတီတွေနဲ့ တပ်ချုပ်နဲ့ တွေ့တဲ့အချိန်မှာ နိုင်ငံရေးပါတီတွေ စီးပွားရေးလုပ်ဖို့၊ အဖွဲ့အစည်းနဲ့လုပ်ဖို့ လမ်းညွှန်တယ်။ နိုင်/စီး ဆိုတဲ့အဖွဲ့ ဖွဲ့ပြီးတော့မှ အတိုကောက်ပေါ့လေ နိုင်/စီး စီးပွားရေးကော်မတီလီမိတက် ဆိုပြီးတော့မှ စီးပွားရေး လုပ်ငန်းခွင် ဖော်ဆောင်ဖို့။ စီးပွားရေးကတော့ လုပ်လို့ရတယ်လေ။ မူးယစ်ဆေးဝါး၊ လောင်းကစားနဲ့ လက်နက်ကလွဲလို့ အကုန်လုပ်လို့ရတာပဲ။ တပ်ချုပ်ကြီးကပြောတာ ကိုယ့်ပါတီတွေကို စီးပွားရေး အင်အား တောင့်တင်းစေချင်တယ်၊ စီးပွားရေး လုပ်ငန်းရှင်တွေဆီကနေ ပိုက်ဆံမတောင်းဘဲနဲ့ ကိုယ့်အင်ကိုယ့်အား နဲ့ ဆောင်ရွက်တယ်ဆိုတဲ့သဘော။ နိုင်ငံရေးပါတီတွေကတော့ အစုအဖွဲ့နဲ့ လုပ်ဖို့‌တော့ စိုင်းပြင်နေပြီပေါ့နော်” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

နိုင်ငံရေးပါတီများအနေဖြင့် စီးပွားရေး လုပ်ဆောင်ပါက စီးပွားရေး လုပ်တတ်ရန် အရေးကြီးကြောင်းနှင့် စီးပွားရေး လုပ်မည့် ပါတီများအတွက် လုပ်ခွင့်သာသည့် မူဝါဒများရရှိရန် လိုအပ်သည်ဟု ထောက်ပြကြသည်။

သို့သော်လည်း နိုင်ငံရေးပါတီဝင်များသည် စီးပွားရေးသမားများ မဟုတ်သည့်အတွက် စီးပွားရေးကို စီးပွားရေး သမားများကိုသာ လုပ်ခွင့်သာအောင် လုပ်ဆောင်ပေးရန် လိုအပ်သည်ဟု ဘဏ်ရေးရာ ကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နံပါတ် ၁ ပါတီတွေက စီးပွားရေး လုပ်တတ်လား။ အဲဒါ အရေးကြီးတာပေါ့။ သူတို့လုပ်တတ်တယ်ဆိုရင် လည်း လုပ်ခွင့်သာတဲ့ မူဝါဒကို ဘယ်လိုလုပ်ပေးမှာလဲ အဲဒီ ၂ ချက် အရေးကြီးတာပေါ့။ ဆိုတော့ ပါတီတွေက စီးပွားရေး လုပ်တယ်ဆိုတဲ့ ကိစ္စကကျတော့ စဉ်းစားရတာ တော်တော်လေး ခက်နေတာပေါ့နော်။ သိပ်နားမလည် ဘူး။ သဘောကတော့ စီးပွားရေးလုပ်နေကျ စီးပွားရေးသမားကို လုပ်ခွင့်သာအောင် လုပ်ပေးရင်တော့ ပိုကောင်း တယ်လို့ ထင်တာပေါ့။ နိုင်ငံရေးသမားဆိုတာ တကယ်တမ်းတော့ စီးပွားရေးသမားလည်း မဟုတ်ဘူးလေ။ စီးပွားရေး ပညာရှင်လည်း မဟုတ်ဘူးလေ ၂ ပိုင်းစလုံးပေါ့။ အဲဒီတော့ သူတို့လုပ်မယ်ဆိုတဲ့ကိစ္စက ဆရာတို့အနေနဲ့ ဘာသာမပြန်တတ်ဘူး ဖြစ်နေတာပေါ့” ဟု ပြောသည်။

နိုင်ငံရေးပါတီ တစ်ခုအနေဖြင့် မဟုတ်ဘဲ နိုင်ငံရေးပါတီတွင် ပါဝင်သည့် အဖွဲ့ဝင် တစ်ယောက်ယောက်က သော်လည်းကောင်း၊ ထိုပါတီတွင် စီးပွားရေးအင်အား တောင့်တင်းသည့် စီးပွားရေးသမားက ဝင်ရောက်သည့် နည်းဖြင့် မိမိ၏ ပါတီကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်၍ ရနိုင်သည်ဟု နိုင်ငံရေးသမားများက ထောက်ပြကြ သည်။

နိုင်ငံရေးပါတီအနေဖြင့် စီးပွားရေး လုပ်မည်ဆိုပါက ထိုနိုင်ငံရေးအပေါ် လူထု၏ ယုံကြည်မှုသည် ကျဆင်းလာ နိုင်သည်ဟု ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က နိုင်ငံရေးပါတီများနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

၎င်းက “တစ်ဦးတစ်ယောက်ချင်းက လုပ်ရမှာပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက် ဖြစ်လာပြီဆိုရင် မိသားစု စားဝတ်နေရေးကလည်း လိုအပ်တယ်လေ။ ဒါကတော့ စီးပွားရေးလို့ပဲ ပြောပြောပေါ့။ မိသားစု စားဝတ် နေရေးကို ဖြေရှင်းနိုင်ဖို့ ရှာကိုရှာရမယ့် အပိုင်းဖြစ်တယ်။ ဒါကြောင့်မို့လည်း စီးပွားရေးတော့ လုပ်ရမယ်။ နောက် တစ်ချက်ကတော့ နိုင်ငံတကာမှာပဲ ကြည့်ကြည့်ပေါ့၊ စီးပွားရေးသမားတွေကလည်း စီးပွားရေးသမားတွေဆိုတာ မျိုးက မှန်ကန်တဲ့ စီးပွားရေးသမားတွေ ဖြစ်ဖို့တော့ လိုတာပေါ့။ နိုင်ငံတကာမှာဆိုရင် စီးပွားရေးသမားတွေ သူဋ္ဌေး တွေကတော့ ပါတီထဲမှာလည်း ဝင်နေတာပဲ။ လုပ်နေတာပဲ ကျနော် မြင်နေရသလောက်ဆိုရင်။ ဒါကြောင့်မို့လည်း ပါတီထဲမှာ ပါဝင်ဖို့ဆိုတာလည်း စီးပွားရေး၊ ငွေရေးကြေးရေး တောင့်တင်းဖို့တော့ လိုတာပေါ့။ ဒါပေမယ့် ပါတီ တစ်ခုအနေနဲ့ စီးပွားရေး လုပ်တယ်ဆိုတာတော့ လူထုရဲ့ ယုံကြည်မှုတော့ ကျဆင်းလာမှာပေါ့ ကျနော်တော့ ဒီလိုတော့ မြင်ပါတယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီ အများစုသည် နည်းလမ်းမျိုးစုံဖြင့် မိမိပါတီအတွက် ရန်ပုံငွေ ရှာဖွေနေကြ ကြောင်း၊ ထို့နောက် ငွေကြေးအင်အား တောင့်တင်းသည့် ပါတီရှိသကဲ့သို့ ငွေကြေးအင်အား မတောင့်တင်းသည့် ပါတီလည်း ရှိသည်။

သို့သော်လည်း ထိုနိုင်ငံပါတီများသည် မဲဆွယ်စည်းရုံးရေး ကာလတွင်သာ ပြည်သူများကို ထောက်ပံ့မှုများ လုပ်ဆောင်လေ့ရှိပြီး တခြားသော ကာလများတွင် ပြည်သူအတွက် လုပ်ဆောင်ပေးခြင်း မရှိသည်ကို တွေ့ရသည်။

နိုင်ငံရေးပါတီများက စီးပွားရေးလုပ်ကြမည်ဆိုသည့်အခါမှာလည်း ပြည်သူလူထု အကျိုးထက် ကိုယ့်ပါတီအကျိုး အတွက် သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးအတွက်သာ ဖြစ်လျှင် နိုင်ငံနှင့် နိုင်ငံသားများအတွက် မည်သည့် အကျိုးရလဒ် မှ ဖြစ်လာနိုင်မည် မဟုတ်ကြောင်း ထောက်ပြကြသည်။

တချို့သော နိုင်ငံရေးပါတီများသည် ကိုယ်ကျိုးစီးပွားအတွက်သာ အလုပ်လုပ်နေကြသူလည်း ရှိသည့်အတွက် ပြည်သူလူထုမှ သတိထား စောင့်ကြည့်ရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြ သည်။