CNI News

၂၀၂၃ ခုနှစ်၊ မေလ ၃၁

နစက-က ကျင်းပရန် စီစဉ်နေသည့် အထွေထွေရွေးကောက်ပွဲကို ကူညီပေးသွားမည်ဟု ရုရှားနိုင်ငံ၊ ဒူးမားလွှတ် တော် ဒုတိယဥက္ကဋ္ဌ H.E.Mr.Sholban Kara-Ool က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့သည်။

ရုရှားဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌသည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်လည်းကောင်း၊ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်လည်းကောင်း မေလ ၃၀ ရက်နေ့က သီးခြားစီ တွေ့ဆုံ ခဲ့သည်။

မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်(UEC)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုနှင့် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ ကျင်းပချိန်တွင် လွှတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေး ရုရှားနိုင်ငံမှ ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရုရှားဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် နစကဥက္ကဋ္ဌတို့ ဆွေးနွေးခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်က ရုရှားဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr.Sholban Kara-Ool နဲ့ နစကဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တွေ့ဆုံစဉ်

ထို့အပြင် နှစ်နိုင်ငံ ကဏ္ဍပေါင်းစုံတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ သိပ္ပံနှင့်နည်းပညာရပ်ပိုင်းဆိုင်ရာ ပညာရပ်များ အပါအဝင် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် မိုခါမုန်တိုင်း ဝင်ရောက်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများအတွက် ရုရှားနိုင်ငံမှ ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည့် အခြေအနေများ၊ အပြန်အလှန် ခရီးသွားလာရေးကဏ္ဍကို မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနှင့် ရုရှားတို့အကြား ဘက်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း နစကဘက်က ထုတ်ပြန် ခဲ့သည်။