CNI International News

မော်စကို၊ မေလ ၃၁

ရုရှားသည် ကိယက်ဗ် (Keiv) မြို့ရှိ ယူကရိန်းစစ်တပ်၏ ပင်မထောက်လှမ်းရေးဌာနချုပ်(GUR)အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု သမ္မတပူတင် (Vladimir Putin)က မေလ ၃၀ ရက်နေ့တွင် အတည်ပြုခဲ့သည်။

ဆုံးဖြတ်ချက်များကို ချမှတ်ရာ နေရာများအား တိုက်ခိုက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း၊ ယူကရိန်း စစ်တပ်၏ ထောက်လှမ်းရေးဌာနချုပ်သည် တိုက်ခိုက်ရန်စာရင်းတွင် ပါဝင်ခဲ့ကြောင်း၊ ထိုနေရာသို့ ပြီးခဲ့သည့် နှစ်ရက်သုံး ရက်အတွင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း ပူတင်က ပြောသည်။

ထိုနေ့ အစောပိုင်းတွင် ယူကရိန်း၏ ဒရုန်းတစ်စင်းသည် မော်စကိုမြို့သို့ လာရောက် တိုက်ခိုက်ခဲ့သည်ဟု ရုရှား သမ္မတက ထုတ်ပြန်ခဲ့သည်။

ယူကရိန်း စစ်ထောက်လှမ်းရေးတပ်ဖွဲ့ ကိုတွေ့ရစဉ်

ထိုလုပ်ရပ်သည် ရုရှားနိုင်ငံသားများကို ခြိမ်းခြောက်ရန်အတွက် ယူကရိန်းဘက်မှ လုပ်ဆောင်သည့် အကြမ်းဖက် လုပ်ရပ်ဖြစ်သည်ဟုလည်း ပူတင်က ပြောသည်။

ရုရှားရှိ လူနေ အဆောက်အဦများကို တိုက်ခိုက်လေ့ရှိသော ယူကရိန်းဘက်မှ လုပ်ရပ်များနှင့် မတူညီသည်မှာ ရုရှားသည် လက်နက်ရုံနှင့် လောင်စာရုံတို့ကဲ့သို့ စစ်ရေးပစ်မှတ်များကို အင်အားပြင်း လက်နက်များဖြင့် တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်ဟုလည်း ပူတင်က ပြောသည်။

ယူကရိန်းဘက်က တိုက်ခိုက်မှုကို ရုရှား၏ လေကြောင်း ကာကွယ်ရေးဘက်က တားဆီးနိုင်ခဲ့ကာ ထိုတိုက်ခိုက်မှု မျိုး ဆက်လက် မြင့်တက်လာနိုင်ဖွယ် ရှိသည်ဟုလည်း ၎င်းက ဝန်ခံခဲ့သည်။

မြို့တော် မော်စကို အပါအဝင် တခြားသော ရုရှားမြို့များသို့ ယူကရိန်းဘက်က တိုက်ခိုက်ခြင်းသည် ရုရှားဘက်မှ တူသော တုံ့ပြန်မှုကို ဖြစ်စေသည်ဟုလည်း ပူတင်က ပြောသည်။

ယူကရိန်းတိုက်ခိုက်ခံရမှုကိုတွေ့ရစဉ်

၎င်းတို့သည် တူညီသော တုံ့ပြန်မှုကိုဖြစ်စေရန် ရန်စပေးကြောင်း၊ ယင်းနှင့်ပတ်သက်၍ ဘာလုပ်နိုင်လဲ စောင့်ကြည့် ရမည်ဖြစ်ကြောင်း၊ ယူကရိန်း ပြည်သူများအနေဖြင့် ၎င်းတို့အစိုးရသည် မည်သည့် အခြေအနေသို့ ရောက်အောင် လုပ်ဆောင်နေသလဲ ဆိုခြင်းကို နားလည်း သဘောပေါက် သင့်ကြောင်းလည်း ပူတင်က ပြောသည်။

ယူကရိန်းဘက်မှ လုပ်ဆောင်နေသည့် အဆိုးရွားဆုံး ခြိမ်းခြောက်မှုများတွင် ဇာပိုရီဇီယီ (Zaporozhye) ရှိ နျူကလီးယား ဓာတ်အားပေး စက်ရုံအား စဉ်ဆက်မပြတ် နှောင့်ယှက်နေခြင်းနှင့် နျူကလီးယား ကိရိယာများကို အသုံးပြု လာနိုင်ဖွယ် ရှိခြင်းတို့ ဖြစ်ကြောင်းလည်း ပူတင်က ဆက်လက် ပြောကြားခဲ့သည်။

Source: အာတီ