CNI International News

ဇိချန်၊ မေလ ၃၁

ကိုဆိုဗို(နိုင်ငံ)တွင် ဖြစ်ပွားသော ဆာ့ဘ်လူမျိုးများနှင့် ပဋိပက္ခကြောင့် ဒဏ်ရာရရှိခဲ့သည့် တပ်ဖွဲ့ဝင် အရေအတွက် မှာ အယောက် ၃၀ အထိ မြင့်တက်လာခဲ့ပြီဟု ကိုဆိုဗိုရှိ နေတိုးဦးဆောင်သည့် ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ KFOR က ပြောကြောင်း အယ်ဂျာဇီးလ်ယား သတင်းဌာနက ဖော်ပြခဲ့သည်။

ဆာ့ဘ် လူမျိုးများသည် ပြီးခဲ့သည့် သီတင်းပတ်တွင် ရွေးကောက်ခံခဲ့ရသော အယ်လ်ဘေးနီးယားလူမျိုး မြို့တော် ဝန်များ တာဝန်ယူမည့် ကိုဆိုဗိုမြောက်ပိုင်းရှိ မြူနီစီပယ်ရုံးများထဲမှ တစ်ခုကို ဝင်ရောက်စီးနင်းရန် ကြိုးပမ်းခဲ့ကြ ခြင်း ဖြစ်သည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တွင် အီတလီစစ်သား ၁၁ ဦးနှင့် ဟန်ဂေရီစစ်သား ၁၉ ဦး တို့ ဒဏ်ရာ ရရှိခဲ့ကြောင်း ပါဝင်သည်။

ဟန်ဂေရီ စစ်သားသုံးဦးသည် လက်နက်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သော်လည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိမနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပဋိပက္ခတချို့သည် မြို့တော် ပရစ္စတီးနား (Pristina)၏ မြောက်ဘက် ၄၅ ကီလိုမီတာအကွာရှိ ဇိချန်မြို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

ဆာ့ဘ်လူမျိုးများနဲ့ KFOR တပ်ဖွဲ့ကြားက တင်းမာမှုကိုတွေ့ရစဉ်

သတင်းမှားများ နောက်တွင် ရှိနေမည့်အစား နှစ်ဖက်စလုံးအနေဖြင့် အပြည့်အဝ တာဝန်ယူမှု လုပ်ဆောင်ကာ နောက်ထပ် တင်းမာမှုများ ထပ်မဖြစ်စေရန် တားဆီးသင့်သည်ဟု KFOR တပ်မှူး ဗိုလ်ချုပ်ကြီး အန်ဂျယ်လို မစ်ချယ်လီ ရစ်တူရှာ (Angelo Michele Ristuccia) က ပြောသည်။

ဆာ့ဘ် လူမျိုးများသည် မေလ ၃၀ ရက်နေ့တွင်လည်း စုဝေးမှုများ ထပ်မံပြုလုပ်ရန် စီစဉ်ခဲ့ကြသည်။

တင်းမာမှုများ ရှိနေချိန်တွင် ဆားဗီယားသမ္မတ အလက်ဇန္ဒား ဘူချိ (Aleksander Vucic) သည် ကိုဆိုဗိုနယ်စပ်ရှိ တပ်ဖွဲ့ဝင်များနှင့်အတူ ညလုံးပေါက် ရှိနေခဲ့သည်။

လွန်ခဲ့သော သီတင်းပတ်က သမ္မတ၏အမိန့်ကြောင့် ၎င်းတို့ကို အမြင့်ဆုံး တပ်လှန့်မှု ပြုလုပ်ထားသည်။

ပဋိပက္ခများအတွင်း ဆာ့ဘ်လူမျိုး ၅၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုအထဲမှ သုံးဦးမှာ စိုးရိမ်ရသည်ဟု ဘူချိက ပြော သည်။

ဆာ့ဘ်လူမျိုးများနဲ့ KFOR တပ်ဖွဲ့ကြားက တင်းမာမှုကိုတွေ့ရစဉ်

လူလေးဦးကို ဖမ်းဆီးထားသည်ဟုလည်း ကိုဆိုဗိုရဲတပ်ဖွဲ့က ပြောသည်။

အကြမ်းဖက်မှုများသည် ကိုဆိုဗို မြောက်ပိုင်းရှိ ဆာ့ဘ်လူမျိုးများက မကြာသေးခင်က ရွေးချယ်ခံခဲ့ရသည့် အယ်လ်ဘေးနီးယားလူမျိုး အရာရှိများကို ၎င်းတို့တာဝန်ကျရာ မြူနီစီပယ် အဆောက်အဦများသို့ မဝင်ရောက် နိုင်စေရန် တားဆီးခဲ့သည့်အချိန်မှ စတင်ခဲ့သည်။

ကိုဆိုဗိုရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးများကိုသုံးကာ လူစုခွဲ၍ မြို့တော်ဝန်များအတွက် လမ်းရှင်းပေးခဲ့ရသည်။

ထို့ကြောင့် ဆားဘီးယားစစ်တပ်က အမြင့်ဆုံးအဆင့် တပ်လှန့်မှု လုပ်ဆောင်ထားပြီး ကိုဆိုဗိုနှင့်နယ်စပ်သို့ တပ်ဖွဲ့များစွာ အားဖြည့်ထားသည်။

ကိုဆိုဗိုနှင့် ဆားဘီးယားတို့သည် ကာလရှည် ရန်ဘက်နိုင်ငံများဖြစ်ကာ ဆားဘီးယားဘက်က ကိုဆိုဗို၏ ၂၀၀၈ ခုနှစ် လွတ်လပ်ရေးကြေညာချက် သို့မဟုတ် အချုပ်အခြာ အာဏာကို အသိအမှတ်ပြုရန် ငြင်းဆိုထားသည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂ တို့သည်လည်း ရုရှား၏ ယူကရိန်း ကျူးကျော်စစ်ပွဲ ရှိနေချိန်တွင် ဥရောပ၌ နောက်ထပ် မတည်ငြိမ်မှုများ ထပ်မဖြစ်စေရေး ကိုဆိုဗို - ဆားဘီးယား ပဋိပက္ခကို ကူညီဖြေရှင်းပေးရန် ကြိုးပမ်း လျက်ရှိသည်။

ဆားဘီးယားနှင့် ကိုဆိုဗိုတို့အနေဖြင့် အီးယူအဖွဲ့တွင်းသို့ ဝင်ရောက်ရေး တိုးတက်မှုများအတွက် အပြန်အလှန် ဆက်ဆံရေးကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် လုပ်ဆောင်ရမည်ဟုလည်း အီးယူအဖွဲ့က ရာဇသံ ပေးထားသည်။

Source: အယ်ဂျာဇီးလ်ယား