CNI International News

မော်စကို၊ ဩဂုတ် ၂၃

မော်စကိုသည် ဘဲလ်ဂရိတ်(ဆားဘီးယားအစိုးရ)နှင့် ကိုဆိုဗိုတို့အကြား ခိုင်မာပြီး နှစ်ဦးနှစ်ဘက် လက်ခံနိုင်သော ဖြေရှင်းချက်တစ်ခု တောင်းဆိုကြောင်း ဩဂုတ် ၂၂ ရက်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ (Sergey Lavrov) က ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနက ဖော်ပြသည်။

ကိုဆိုဗိုအပေါ် ရုရှားရပ်တည်ချက်မှာ မပြောင်းလဲဘူးဟုလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့က ထပ် လောင်း ပြောကြားခဲ့သည်။

မော်စကိုမြို့တော်သို့ အလည်အပတ် ရောက်ရှိနေသော ဆားဘီးယား ပြည်ထဲရေးဝန်ကြီး အလက်ဇန္ဒားဗူလင် (Alexksandar Vulin) နှင့် တွေ့ဆုံစဉ် လာဗရော့က အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဆားဘီးယားသမ္မတ အလက်ဇန္ဒားဗူချိစ်နဲ့ ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ (GETTY IMGAES)

“ကိုဆိုဗိုနဲ့ပတ်သက်လာရင် ရုရှားရဲ့ရပ်တည်ချက် မပြောင်းလဲပါဘူး။ ဒါကို သမ္မတ ဗလာဒီမာပူတင်ကလည်း ထပ်တလဲလဲ ပြောနေပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၂၄၄ ကို အခြေခံပြီးတော့ ဘဲလ်ဂရိတ်(ဆားဘီးယား)နဲ့ ပရစ်တီနာ(ကိုဆိုဗို)တို့အကြား ခိုင်ခိုင်မာမာနဲ့ နှစ်ဦးနှစ်ဘက် လက်ခံနိုင်တဲ့ အဖြေ တစ်ခုကို ကျနော်တို့ တောင်းဆိုပါတယ်” ဟု လာဗရော့က ပြောကြားခဲ့သည်။

“ထုံးစံအတိုင်း ဒီအဖြေရလာဖို့က ပထမဆုံးအနေနဲ့ နိုင်ငံတကာဥပဒေနဲ့အညီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုရမှာ ဖြစ်ပါတယ်။ ဆာ့ဘ်လူမျိုးတွေ လက်ခံနိုင်မယ့် အဖြေတစ်ခုဆိုရင် ကျနော်တို့လည်း လက်ခံမှာပါ။ ဒီလို ရလဒ် ထွက်လာဖို့က ကျနော်တို့ရဲ့ ဆားဘီးယားမိတ်ဆွေကို ဘက်စုံထောင့်စုံကနေ ကူညီပေးဖို့ အသင့်ပါ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ထို့ပြင် ဆားဘီးယားသမ္မတ အလက်ဇန္ဒားဗူချိစ် (Alexksandar Vucic) နှင့် ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ (Albin Kurti) တို့ကို ဥရောပသမဂ္ဂ (EU) က ကြားဝင်စေ့စပ်ပေးခဲ့သည့် ဘရပ်ဆဲလ်မြို့တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲများမှာလည်း တိုးတက်မှုမရှိကြောင်း လာဗရော့က မှတ်ချက်ချခဲ့သည်။

“EU ကြားဝင် စေ့စပ်မှုနဲ့အတူ ဆားဘီးယားသမ္မတ အလက်ဇန္ဒားဗူချိစ်နဲ့ ဘရပ်ဆဲလ်မြို့မှာ နောက်ဆုံး ဆွေးနွေးပွဲ ရလဒ်တွေ ကျနော်တို့ သိထားပါတယ်။ အခု ကိုဆိုဗို မြောက်ပိုင်းမှာ တင်းမာမှု ရှိနေတုန်းပါ။ ဒီတော့ လက်ရှိ သဘောတူညီချက်တွေအပေါ် နောက်ပြန်ဆုတ်နေပါတယ်” ဟု ၎င်းက မှတ်ချက် ချခဲ့ခြင်း ဖြစ်သည်။

UE ၏ ကြား၀င်စေ့စပ်မှုနဲ့ ဆားဘီးယား၊ ကိုဆိုဗို ဆွေးနွေးပွဲ (GETTY IMAGES)

ရုရှားနှင့် EU နိုင်ငံများ ပါဝင်သည့် ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) အတွင်းရှိ အခြေခံမူ အားလုံး ပျက်ပြားစေရန်အတွက် ရည်ရွယ်လုပ်ဆောင်သည့် အနောက်အုပ်စု မူဝါဒကြောင့် ထိုသို့ နောက်ပြန် ဆုတ် ရခြင်းဖြစ်ကြောင်း လာဗရော့၏ အဆိုအရ သိရသည်။

OSCE ၏ အခြေခံမူများသည် ခွဲခြားခြင်း မရှိဘဲ တန်းတူညီမျှသော လုံခြုံရေးကို မျှော်မှန်းထားပြီး ရုရှားနှင့် ဆားဘီးယားတို့ကလည်း ထိုမူများကို ကတိပြုပြီးဖြစ်ကြောင်း လာဗရော့က ဆားဘီးယား ပြည်ထဲရေးဝန်ကြီး အလက်ဇန္ဒားဗူလင်ကို တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ဒီလိုအခြေခံမူနဲ့ ချဉ်းကပ်မှုတွေကို ကျနော်တို့ အတိအလင်း တောင်းဆိုသွားမှာပါ။ အနောက်အုပ်စုနိုင်ငံတွေက သူတို့ ကတိတာဝန်တွေကို ချိုးဖောက်ပြီး ဘော်လကန်ဒေသနဲ့ ယူကရိန်းမှာ နှိုးဆွတဲ့လုပ်ရပ်တွေ ဆက်လုပ်နေ ပါတယ်” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့က ထုတ်ဖော်ပြောကြားခဲ့သည်။

Source: တာ့စ်သတင်းဌာန