CNI International News

ပရစ်တီနာ၊ဒီဇင်ဘာ ၂၈

ဆားဘီးယားအစိုးရသည် ကိုဆိုဗိုနှင့်နယ်စပ်ဒေသရှိ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန် အသင့်အနေအထားတွင် ရှိနေ သည်ဟု အေပီက ရေးသားဖော်ပြခဲ့သည်။

တနင်္လာနေ့ဖြစ်ရပ်သည် စစ်ကာလအတွင်း ရန်ဘက်များ ဖြစ်ခဲ့သော နှစ်နိုင်ငံအကြား တင်းမာမှုများ လျော့ချရန် နေတိုးအဖွဲ့၏ တောင်းဆိုမှုများကို လျစ်လျူရှုမှုလည်း ဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များနှင့် တခြား လုံခြုံရေး တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန် အသင့်အနေထား ရှိနေဖို့ အမိန့်ပေးထား ကြောင်း၊ ၎င်းတို့သည် စစ်ဆင်ရေး အစီအစဉ်အတိုင်း စစ်ဦးစီးချုပ်၏ အမိန့်အောက်တွင် ရှိနေမည်ဖြစ်ကြောင်း ဆားဘီးယားပြည်ထဲရေးဝန်ကြီး ဘရာတီဆလတ်ဗ် ဂါဆစ် (Bratislav Gasic) က ပြောသည်။

ဆားဘီးယားသမ္မတ အလက်ဇန္ဒားဘူချိ ( Aleksandar Vucic)၏ အမိန့်အတိုင်း ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း၊ လုပ်ဆောင်မှုအားလုံးသည် ကိုဆိုဗိုရှိ ဆားဘီးယားပြည်သူများကို ကာကွယ်ဆောင်ရွက်ရခြင်း ဖြစ် ကြောင်း ပြည်ထဲရေးဝန်ကြီးက ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

ဆားဘီးယား ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဦးစီးချုပ်တို့ ကိုဆိုဗိုနယ်စပ်ကို သွားရောက်စစ်ဆေးစဉ် (AP)

ကိုဆိုဗိုနှင့် နယ်စပ်ဒေသရှိ ဆားဘီးယား တပ်ဖွဲ့များကို ယခင်ကတည်းက တပ်လှန့်ထားခြင်းကြောင့် ယခုကဲ့သို့ အမိန့်ပေးခြင်းမှာ မည်သို့ ရည်ရွယ်သည်လဲ ဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဒေသခံ အယ်လ်ဘေးနီးယားများကြောင့် ကိုဆိုဗိုရှိ ဆားဘီးယား လူမျိုးများ တိုက်ခိုက်ခံနေရကြောင်း အရာရှိ တစ်ချို့က ပြောသည်။

တင်းမာမှုများ မြင့်တက်နေသော ကိုဆိုဗိုဒေသမြောက်ပိုင်းမှ ပစ်ခတ်မှုတစ်ခုကို စုံစမ်းစစ်ဆေးခဲ့သည်ဟု နေတိုး ဦးဆောင်သည့် ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့များက တနင်္လာနေ့ အစောပိုင်းတွင် ပြောခဲ့သည်။

တိုက်ခိုက်မှု စတင်ရန် အဆင်သင့် ဖြစ်နေမှုကို ပြသခြင်း တစ်ခုအဖြစ် ဆားဘီးယား စစ်ဘက်အရာရှိများက နယ်စပ်ဒေသရှိ တပ်များကို စစ်ဆေးခဲ့သည့်အတွက် တည်တည်ငြိမ်ငြိမ် တုန့်ပြန်ရန် တောင်းဆိုခဲ့သည်။

ပစ်ခတ်မှုသည် တင်းမာမှုများ မြင့်တက်နေသော ဇူဘန်ပိုတော့ခ် (Zubin Potok) မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ထိခိုက်ဒဏ်ရာ ရရှိသူမရှိခဲ့ဟု ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ KFOR က ပြောသည်။

 ဆားဘီးယားတပ်ဖွဲ့ စစ်ရေးပြင်ဆင်နေမှုကိုတွေ့ရစဉ် (AP) 

ဆားဘီးယား ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဦးစီးချုပ်တို့သည် ကိုဆိုဗိုနယ်စပ်သို့ သွားရောက်ကာ တပ်ဖွဲ့ဝင်များ၏ အဆင်သင့်ဖြစ်မှုနှင့် လက်နက် အင်အားတို့ကို ချီးကျူးခဲ့သည်။ ဆားဘီးယားသည် ဟောင်ဝှစ်ဇာများ အပါအဝင် စစ်လက်နက်ကြီးများကို နယ်စပ်တွင် ဖြန့်ကျက်ထားသည်။

ဆားဘီးယားသည် ၎င်းတို့၏ ပြည်နယ်တစ်ခု ဖြစ်ခဲ့ဖူးသော ကိုဆိုဗိုဒေသအပေါ် ကာလရှည် စစ်ရေးအရ ခြိမ်းခြောက်မှု ပြုလုပ်လျက်ရှိသည်။

၁၉၉၈-၉၉ ခုနှစ်တို့တွင် နှစ်ဖက်အကြား စစ်ပွဲဖြစ်ပွားခဲ့ပြီး နေတိုး၏ ကြားဝင်မှုကြောင့် စစ်အဆုံးသတ်နိုင်ခဲ့ သော်လည်း ကိုဆိုဗိုသည် စစ်ပွဲအဖြစ်ပွားနိုင်ဆုံး နေရာများမှ တစ်ခုအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။

ကိုဆိုဗို၏ ၂၀၀၈ လွတ်လပ်ရေးကြေညာမှုကို ဆားဘီးယားဘက်မှ အသိအမှတ် ပြုထားခြင်း မရှိဘဲ ထိုကိစ္စအပေါ် အဖြေရှာရန် အနောက်အုပ်စု၏ ကြိုးပမ်းမှုများလည်း လက်ရှိအချိန်အထိ မအောင်မြင်သေးပေ။

Source: AP