CNI International News

ဆိုးလ်၊ ဒီဇင်ဘာ ၂၈

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ရရှိမှုကြောင့် တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ် (Lee Myung-bak) ၏ ပြစ်ဒဏ်မှာလျော့ကျသွားခဲ့သည်ဟု Aljazeera သတင်းတွင်ဖော်ပြသည်။

သမ္မတဟောင်းသည် အကျင့်ပျက်ခြစားမှုအတွက် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရသူဖြစ်သည်။

လက်ရှိတောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲ (Yoon Seok-yeol) က လွတ်ငြိမ်းချမ်းသာခွင့် အစိတ်အပိုင်း တစ်ခုအဖြစ် သမ္မတဟောင်း၏ ပြစ်ဒဏ်လျော့ပေါ့မှုများကို အင်္ဂါနေ့တွင်ပြုလုပ်ပေးခဲ့သည်။ ယင်းက အရှေ့အာရှ နိုင်ငံများတွင် နိုင်ငံတော်အားလပ်ရက်များအတွက် ပုံမှန်ပြုလုပ်နေကျ အလေ့အထတစ်ခုလည်းဖြစ်သည်။

သမ္မတယွန်သည် ပြန်လည်သင့်မြတ်ခြင်း၊ သည်းခံခြင်း၊ စဉ်းစားပေးခြင်းစသည်တို့ဖြင့် အမျိုးသားညီညွတ်ရေးကို မြှင့်တင်ရန် လူပေါင်း ၁၃၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်များထုတ်ပြန်ခဲ့သည်ဟု တောင်ကိုရီးယား ဥပဒေ ရေးရာဝန်ကြီး ဟန်ဒေါင်ဟွန်း (Han Dong-hoon) က ပြောသည်။

သမ္မတဟောင်း လီမြောင်ဘတ်သည် ဆိုးလ်ရှိ တရားရုံးသို့ ရောက်ရှိလာစဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)

ယွန်သည် သမ္မတဟောင်းကို သတ်မှတ်ထားသည့် ပြစ်ဒဏ်အတိုင်း ထောင်ထဲတွင်ထားရှိရန် ယခုနှစ်အစောပိုင်းက ပြောခဲ့ဖူးသည်။ ပြစ်ဒဏ်အတိုင်းဆိုလျှင် လီမြောင်ဘတ်သည် အသက် ၉၀ ကျော်အရွယ်အထိ ထောင်ထဲတွင် နေထိုင်ရမည်ဖြစ်သည်။ အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည့် သမ္မတလွတ်ငြိမ်းချမ်းသာခွင့်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူး ဟောင်း ကင်ဂျောင်ဆိုး(Kim Kyoung-soo) နှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ချွိုင်ဂျောင်ဝှမ် (Choi Kyoung-hwan) တို့လည်း ပါဝင်နေသည်။

လီသည် ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ သမ္မတရာထူးကို ထမ်းဆောင်ခဲ့သူဖြစ်ကာ အကျင့်ပျက်ခြစားမှု၊ အလွဲ သုံးစားမှုတို့ဖြင့် ၂၀၁၈ တွင်ပြစ်ဒဏ်ပေးခံခဲ့ရသည်။ လီသည် ဟွန်ဒိုင်း (Hyundai) ကုမ္ပဏီတွင် အောင်မြင်ခဲ့သော ၎င်း၏ နောက်ခံအင်အားဖြင့် နိုင်ငံရေးလောကတွင်းသို့ ဝင်ရောက်လာခဲ့သူဖြစ်ကာ ဆမ်ဆောင်း (Samsung) အပါ အဝင်ကုမ္ပဏီကြီးများမှ လာဘ်ငွေများရယူခဲ့ခြင်းနှင့် ၎င်း၏ကုမ္ပဏီများမှ ရံပုံငွေများကို အလွဲသုံးစားလုပ်ခြင်း စသည့် ပြစ်မှုများအတွက် စွပ်စွဲခံထားရသည်။ အဆိုပါ စွပ်စွဲထားမှုများကို လီက ငြင်းဆိုခဲ့သည်။

ထိုစွဲချက်များနှင့်ပတ်သတ်၍ အောက်တရားရုံတစ်ခုမှ ၎င်းကိုအာမခံပေးခဲ့သော်လည်း ဗဟိုတရားရုံးချုပ်က ၎င်း ၏ ၁၇ နှစ် ပြစ်ဒဏ်ကို ၂၀၂၀ ခုနှစ်တွင်အတည်ပြုခဲ့သည့်အတွက် ထောင်ထဲသို့ပြန်လည်ရောက်ရှိခဲ့သူဖြစ်သည်။

အသက် ၈၁ နှစ်ရှိပြီဖြစ်သော လီသည် ၎င်း၏ ကျန်းမာရေးအခြေအနေများကြောင့် ဇွန်လတွင် ထောင်မှ ယာယီ လွှတ်ပေးခြင်း ခံခဲ့ရသည်။ သမ္မအဖြစ် တာဝန်ယူနေစဉ်အတွင်း လီသည် တောင်ကိုရီးယားနိုင်ငံကို ကမ္ဘာလုံးဆိုင် ရာ ငွေကြေးပျက်ကပ်အခြေအနေမှ ရုန်းထွက်နိုင်အောင် ကူညီပေးနိုင်ခဲ့သော်လည်း မြောက်ကိုရီးယားနှင့် ပတ်သက်သည့် တင်းမားမှုအခြေအနေများကြောင့် ပြင်းထန်သည့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

Source:Aljazeera