CNI International News

ထိုင်ဝမ်၊ ဒီဇင်ဘာ ၂၈

၂၀၂၄ ခုနှစ်မှစတင်ကာ ထိုင်ဝမ်၏ စစ်မှုမထမ်းမနေရ ဥပဒေကို လေးလမှ တစ်နှစ်အထိ တိုးမြှင့်သွားမည်ဟု သမ္မတဆိုင်အင်ဝမ် (Tsai Ing-wen)က အင်္ဂါနေ့(ဒီဇင်ဘာ ၂၇ ရက်)တွင် ပြောကြားခဲ့ကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

တရုတ်ဘက်မှ စစ်ဘက်ဆိုင်ရာ ဖိအားများ မြင့်တက်လာချိန်တွင် ထိုသို့ ဆောင်ရွက်ခြင်း ဖြစ်သည်။

အမျိုးသားလုံခြုံရေး အစည်းအဝေးတစ်ခုတွင် ဆိုင်အင်ဝမ်က ထိုင်ဝမ်၏ ကိုယ့်ကိုယ်ကို ကာကွယ်မှုကို မြှ့တင် ရေး ဆွေးနွေးရန် တောင်းဆိုခဲ့ကြောင်း၊ ထိုင်ဝမ်သည် ငြိမ်းချမ်းရေးကိုသာ လိုလားသော်လည်း ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ရန် လိုအပ်နေသည်ဟု ဆိုသည်။

ထိုင်ဝမ် အင်အားကောင်းမွန်နေသ၍ လွတ်လပ်မှုနှင့် ဒီမိုကရေစီဝါဒကို ကိုင်စွဲထားနိုင်ကာ စစ်တလင်းမြေ ဖြစ်လိမ့် မည် မဟုတ်ဟု သမ္မတဆိုင်အင်ဝမ်က သတင်းစာ ရှင်းလင်ပွဲတွင် ပြောခဲ့သည်။

သမ္မတဆိုင်အင်ဝမ် မိန့်ခွန်းပြောနေစဉ် (Reuters)

စစ်မှုထမ်းခြင်းကို တိုးမြှင့်ရေး ဆုံးဖြတ်ချက်ကိုလည်း အလွန်ခက်ခဲ့သည့် လုပ်ရပ်ဟု သူမက ညွှန်းဆိုခဲ့သည်။

အရန်တပ်ဖွဲ့များ အပါအဝင် လက်ရှိ စစ်ဘက်စနစ်များက တရုတ်ဘက်မှ မြင့်တက်လာသော စစ်ဘက်ဆိုင်ရာ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရာ ထိရောက်မှု၊ လုံလောက်မှုမရှိဟုလည်း ဆိုင်က ပြောသည်။

ထိုင်ဝမ်အပေါ် တရုတ်၏ ခြိမ်းခြောက်မှုများနှင့် ရန်စမှုများသည် ပို၍ သိသာထင်ရှားလာကြောင်း၊ မည်သူမှ စစ်ကို လိုလားမှု မရှိကြောင်း၊ သို့သော် ငြိမ်းချမ်းရေးဆိုသည်မှာလျှင် သူ့အလိုလို ကောင်းကင်မှ ကျလာမည်မဟုတ် ကြောင်း သူမက ပြောသည်။

ဒီမိုကရေစီနှင့် အာဏာရှင်စနစ်တို့တွင် ထိုင်ဝမ်အနေဖြင့် ဒီမိုကရေစီစနစ်ကိုသာ ယုံကြည်ကြောင်း၊ စစ်နှင့် ငြိမ်းချမ်းရေးတွင် ငြိမ်းချမ်းရေးကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း ကမ္ဘာကိုပြလိုသည်ဟု သမ္မတက ပြောသည်။

ထိုင်ဝမ်စစ်တပ်ကိုတွေ့ရစဉ် (GETTY IMAGES)

စစ်မှုထမ်းဥပဒေကို ပြောင်းလဲမှုကြောင့် စစ်မှုမထမ်းမနေရ အခြေအနေကြောင့် စစ်တပ်တွင်း ရောက်ရှိလာ သူများ သည် ပို၍ပြင်းထန်သော လေ့ကျင့်မှုများကို လုပ်ဆောင်ကြ ရမည်လည်း ဖြစ်သည်။

၎င်းတို့တွင် ပစ်ခတ်မှု လေ့ကျင့်ခန်းများ၊ အမေရိကန်တပ်ဖွဲ့ဝင်များ အသုံးပြုသည့် ခြေမှုန်းရေးတို့အပြင် လေယာဉ်ပစ်နှင့် တင့်ကားပစ် ဒုံးကျည်များကို ကိုင်တွယ်မှု အပါအဝင် ပို၍ ပြင်းထန်သော လက်နက်များကို အသုံးပြုခြင်း လေ့ကျင့်ခန်းများလည်း ပါဝင်မည်ဟု သိရသည်။

ထိုင်ဝမ်ကို တရုတ်ဘက်က ၎င်းတို့ပိုင်နက် ဖြစ်သည်ဟု ကြေညာထားသော်လည်း တိုင်ပေဘက်မှ ထိုပြောဆိုချက် ကို ငြင်းဆိုထားသည်။ ထို့အပြင် တနင်္လာနေ့တွင် တရုတ်လေတပ်က ထိုင်ဝမ်၏ လေကြောင်း ကာကွယ်ရေးဇုံ အတွင်းသို့ အင်အားအများဆုံးဖြင့် ရုတ်တရက် ကျူးကျော်ဝင်ရောက်ခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။ တရုတ်စစ်တပ်မှ လေယာဉ် ၄၃ စင်းသည် နှစ်နိုင်ငံကြား တရားဝင် မဟုတ်သော စစ်မဲ့ဇုန်အတွင်းသို့ ဖြတ်ကျော် လာခြင်းဖြစ်သည်။ ထို့အပြင် တရုတ်သည် ထိုင်ဝမ် ရေပိုင်နက်အနီးတွင်လည်း စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့သည်။

Source: အယ်ဂျာဇီးယား