CNI International News
ဆိုးလ်၊ ဇွန်လ ၁၆
အမေရိကန်နှင့် အီရန် ယာယီငြိမ်းချမ်းရေး သဘောတူညီချက်ကြောင့် ဟော်မုဇ်ရေလက်ကြား ပြန်ပွင့်လာချိန်တွင် ထိုရေလက်ကြားမှတဆင့် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ရရှိစေရန် နိုင်ငံတကာ၏ အစီအမံများထဲတွင် တောင်ကိုရီးယားအနေဖြင့် မည်သည့် အခန်းကဏ္ဍမှ ပါဝင်ရမည်ဆိုသည့် အချက်ကို တောင်ကိုရီးယားအစိုးရက စဉ်းစားသုံးသပ်နေသည်ဟု The Korea Times မှ ဖော်ပြခဲ့သည်။
စစ်ပွဲအလွန် ဟော်မုဇ်ရေလက်ကြား လုံခြုံရေးဆိုင်ရာ အစီအစဉ်များအနက် တစ်ခုကို အမေရိကန်က ဦးဆောင်ပြီး နောက်အစီအစဉ်တစ်ခုကို ဗြိတိန်နှင့် ပြင်သစ်တို့က ဦးဆောင်ထားသည်။
ထို့ကြောင့် တောင်ကိုရီးယားသည် မည်သည့် အစီအစဉ်တွင် ပါဝင်ရမည်ဆိုသည့် အချက်ကို သတိကြီးစွာထားပြီး လက်ရှိတွင် ဒေသတွင်း တင်းမာမှုများ လျော့ကျသွားလိမ့်မည်ဟု မျှော်လင့်ရသဖြင့် ဟော်မုဇ်ရေလက်ကြား အရေး နှင့်ပတ်သက်ပြီး နိုင်ငံအသီးသီး၏ ပါဝင်ပတ်သက်ရမည့် အခန်းကဏ္ဍကို ဆွေးနွေးမှုများ အရှိန်မြင့်တက်လာခဲ့ သည်။
ဇွန်လ ၁၆ ရက်မှ ၁၇ ရက်အထိ ပြင်သစ်နိုင်ငံတွင် ကျင်းပမည့် စက်မှုထိပ်သီး ၇ နိုင်ငံ (G7) ထိပ်သီးအစည်းအဝေး သို့ တက်ရောက်မည့် တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung) သည်လည်း အခြားနိုင်ငံ ခေါင်းဆောင်များနှင့် ထိုအရေးကိစ္စကို ဆွေးနွေးဖွယ်ရှိသည်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကမူ ဟော်မုဇ်ရေလက်ကြားအတွင်း လွတ်လပ်စွာ ရေကြောင်း သွားလာနိုင်ရေး သေချာစေရန် ရည်ရွယ်သည့် ကြိုးပမ်းမှုများတွင် ကူညီပံ့ပိုးပေးနိုင်မည့် နည်းလမ်းများကို ပြန်လည်သုံးသပ်နေကြောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားသမ္မတ လီဂျေမြောင်ကို တွေ့ရစဉ်
“အစိုးရအနေနဲ့ ဒေသတွင်း ခြိမ်းခြောက်မှုတွေ၊ တပ်ဖြန့်ထားဖို့ လိုအပ်ချက်တွေနဲ့ စစ်ဆင်ရေးဆိုင်ရာ စွမ်းဆောင် ရည်တွေကို ဘက်ပေါင်းစုံက သုံးသပ်ပြီးမှသာ တိကျတဲ့ အစီအစဉ်တွေကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ချောင်ဘင်နာ (Chung Binna) က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြား ခဲ့သည်။
စစ်ရေးဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့များ စေလွှတ်ခြင်း ရှိ/မရှိ သို့မဟုတ် မည်သည့် အင်အားစုများ ပါဝင်နိုင်သည် ဆိုသည့် အချက်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။
အမေရိကန်နှင့် အီရန်ကြား ယာယီငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် ရရှိခဲ့ပြီး ဇွန်ည ၁၉ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၌ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် အစီအစဉ်များကို ကြေညာခဲ့ပြီးနောက် တောင်ကိုရီးယား၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ခြင်းသည် ပထမဆုံးခြေလှမ်း တစ်ခုဖြစ်ပြီး နောက်ထပ်အဆင့်တွင် မိုင်းရှင်းလင်းရေးနှင့် ရေကြောင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများ က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် (Donald Trump) သည် ယခင်က တောင်ကိုရီးယား အပါအဝင် မဟာမိတ် နိုင်ငံများအနေဖြင့် စစ်သင်္ဘောများ စေလွှတ်ကာ ရေကြောင်း လွတ်လပ်ခွင့် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် တွင် ပါဝင်ကြရန် တောင်းဆိုခဲ့ဖူးသည်။
Source: The Korea Times
