CNI International News
ဝါရှင်တန်၊ ဧပြီ ၂၁
ဟော်မုဇ်ရေလက်ကြားမှာ အီရန်အလံလွှင့်ထားသည့် ကုန်တင်သင်္ဘောတစ်စင်းကို အမေရိကန်က ထိန်းချုပ်လိုက် ခြင်းကြောင့် အမေရိကန်နှင့် အီရန်ကြား ထိပ်တိုက်တွေ့မှုဖြစ်ကာ စိုးရိမ်မှုမြင့်တက်လာကြသည်ဟု The Nation မှ ဖော်ပြခဲ့သည်။
သို့သော် အမေရိကန်က ၎င်းတို့၏ ပိတ်ဆို့မှုကို ဖောက်ဖျက်ရန် ကြိုးပမ်းသည့် အီရန်ကုန်တင်သင်္ဘော တစ်စင်းကို ဖမ်းဆီးလိုက်ကြောင်း ပြောကြားခဲ့ပြီးနောက် အီရန်ဘက်ကလည်း လက်တုန့်ပြန်မည်ဟု ခြိမ်းခြောက်လာသဖြင့် အရှေ့အလယ်ပိုင်း အပစ်အခဲရပ်စဲရေး၏ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာစေခဲ့သည်။
ထို့ပြင် ပါကစ္စတန်တွင် အမေရိကန်နှင့် ပြုလုပ်ရန် စီစဉ်ထားသည့် ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပါဝင်မည် မဟုတ်ကြောင်း အီရန်က ပြောကြားခဲ့သဖြင့် ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာမည့် အခြေအနေအပေါ် စိုးရိမ်စေခဲ့သည်။
အီရန်စစ်ပွဲ၏ အဓိကဗဟိုချက်မှာ ကမ္ဘာ့ရေနံနှင့် ဓာတ်ငွေ့ ထောက်ပံ့မှု စုစုပေါင်း၏ ၅ ပုံ ၁ ပုံခန့် ဖြတ်သန်း သွားလာသည့် မဟာဗျူဟာမြောက် ရေလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားဖြစ်သည်။

ဟော်မုဇ်ရေလက်ကြားကို တွေ့ရစဉ်
အမေရိကန်သည် အီရန်ဆိပ်ကမ်းများကို ဆက်လက် ပိတ်ဆို့ထားသဖြင့် အီရန်ကလည်း ဟော်မုဇ် ရေလက်ကြားမှ သင်္ဘောများ သွားလာမှုကို ကန့်သတ်ခြင်း၊ ဖြေလျှော့ခြင်း စသဖြင့် အလျှော့၊အတင်း လုပ်နေသဖြင့် ကမ္ဘာ့စွမ်းအင် ဈေးကွက်များတွင် မတည်ငြိမ်မှုများ ပိုမိုမြင့်တက်လာစေသည်။
သို့သော် ဧပြီ ၁၉ ရက်က ဟော်မုဇ်ရေလက်ကြားကို သင်္ဘောအစင်းရေ ၂၀ ကျော် အောင်မြင်စွာ ဖြတ်သန်း မောင်းနှင်ခဲ့သည်။
ထိုအရေအတွက်သည် မတ်လ ၁ ရက်နေ့ နောက်ပိုင်း ထိုရေလက်ကြားမှ သင်္ဘောအများဆုံး ဖြတ်သန်းမှု ဖြစ်ကြောင်း ကုန်သွယ်သင်္ဘောများ လေ့လာရေးကုမ္ပဏီ Kpler ၏ မှတ်တမ်းများအရ သိရသည်။
ထိုရေလက်ကြားကို ဖြတ်သန်းခဲ့သည့် သင်္ဘောများထဲတွင် ရေနံထွက်ပစ္စည်းများနှင့် သတ္တုများ အပါအဝင် အီရန်နိုင်ငံမှ ကုန်စည်များ တင်ဆောင်ထားသော သင်္ဘော ၅ စင်း ပါဝင်သည်။

ဟော်မုဇ်ရေလက်ကြားကို တွေ့ရစဉ်
တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့ ဦးတည်သွားမည့် ရေနံဓာတ်ငွေ့ရည် (LPG) တင်သင်္ဘော ၃ စင်းကိုလည်း တွေ့ရှိရသည်။
အခြားသင်္ဘောများတွင် ယူအေအီးမှ အင်ဒိုနီးရှားသို့ LPG တင်ဆောင်လာသည့် ပနားမားအလံတင် ကုန်တင် သင်္ဘော Crave နှင့် ဘာရိန်းနိုင်ငံမှ မိုဇမ်ဘစ်နှင့် ထိုင်းနိုင်ငံသို့ သန့်စင်ပြီး ရေနံထွက်ပစ္စည်းများ တင်ဆောင်လာ သည့် Akti A နှင့် Athina အမည်ရှိ ကုန်တင်သင်္ဘောနှစ်စင်း ပါဝင်သည်။
ထို့ပြင် ယူအေအီးနိုင်ငံထုတ် နက်ဖ်သာဆီ (naphtha) စည်ပေါင်း ၅၀၀,၀၀၀ ခန့်ကို တင်ဆောင်ပြီး တောင်ကိုရီးယားသို့ ဦးတည် မောင်းနှင်နေသည့် လိုက်ဘေးရီးယားအလံတင် Navig 8 Macallister သင်္ဘောနှင့် ဆော်ဒီရေနံစိမ်း စည် ၂ သန်းခန့် တင်ဆောင်ပြီး ထိုင်ဝမ်သို့ ဦးတည်မောင်းနှင်သည့် သင်္ဘောတစ်စင်းလည်း ပါဝင်သည်။
Source: The Nation
