CNI International News

ဝါရှင်တန်၊ ဇွန်လ ၈

အီရန်နိုင်ငံက ကူဝိတ်နှင့် ဘာရိန်းနိုင်ငံတို့ကို ဒရုန်းများဖြင့် ဆက်တိုက် တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်သည် အီရန်၏ တိုက်ခိုက်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်တည်ဆောက်ရေးနှင့် ပြုပြင်ရေးတို့အတွက် ပိတ်ဆို့ထားသည့် အီရန်၏ ပိုင်ဆိုင်မှုများအား ကူဝိတ်နှင့် ဘာရိန်းနိုင်ငံများထံ လွှဲပြောင်းပေးရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘက်ဆင့်တ် (Scott Bessent) သည် အီရန်ကြောင့် ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံများတွင်  ပျက်စီးဆုံးရှုံးမှု ကုန်ကျစရိတ်များကို တွက်ချက်ရန် အဖွဲ့တစ်ခုအား ညွှန်ကြားထားပြီး ဖြစ်ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခုက ဇွန်လ ၆ ရက်၌ ပြောကြားခဲ့သည်။

ထို့ပြင် နောက်နောင်တွင် ဖြစ်ပေါ်လာမည့် ပျက်စီးဆုံးရှုံးမှုများကို ပြုပြင်ရာတွင်လည်း လက်ရှိ ပိတ်ဆို့ထားသည့် အီရန်၏ ပိုင်ဆိုင်မှုများကို အသုံးပြုရန် အမေရိကန်က ထည့်သွင်း စဉ်းစားသွားမည်ဖြစ်ကြောင်း ထိုသတင်းရင်းမြစ် က ဆက်လက် ပြောဆိုခဲ့သည်။

အီရန်နိုင်ငံအတွင်း တွေ့ရစဉ်

အီရန်အမြင့်ဆုံး ခေါင်းဆောင်၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ မိုဆင်ရီဇာအီ (Mohsen Rezaei)က အမေရိကန် ထိန်းချုပ် ပိတ်ဆို့ထားသည့် ဒေါ်လာ ၂၄ ဘီလျံတန်ဖိုးရှိ အီရန်၏ ပိုင်ဆိုင်မှုများကို အီရန်ထံ ပြန်လည်လွှဲပြောင်း ပေးခြင်းသည် စစ်ပွဲကို အဆုံးသတ်မည့် ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် အဓိက အချက်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ယခုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

အီရန်သည် ပြည်ပနိုင်ငံများတွင် ထုတ်ယူခွင့် ပိတ်ပင်ခံထားရသည့် ဒေါ်လာ ၂၄ ဘီလျံတန်ဖိုးရှိ ၎င်းတို့၏ ပိုင်ဆိုင် မှုများကို ပြန်ထုတ်ပေးရန် ထပ်တလဲလဲ တောင်းဆိုခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် မည်သည့် ပိုင်ဆိုင်မှု အမျိုးအစားများကို စိစစ်သုံးသပ် နေသည်ဆိုသည်ကို ထိုသတင်းရင်းမြစ်က အသေးစိတ် ဖော်ပြခဲ့ခြင်းမရှိပေ။

အီရန်၏ ပိုင်ဆိုင်မှုများကို လွှဲပြောင်း အသုံးပြုမည်ဆိုသည့် ခြိမ်းခြောက်မှုသည် အမေရိကန်နှင့် အီရန်အကြား ရရှိထားသည့် ကျိုးပျက်လွယ်သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပျက်စီးစေမည့် အဓိက အကြောင်းအရင်းတစ်ခု ဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အီရန်ဒရုန်းကို ပန်းချီဆွဲပြထားစဉ်

ကြားဝင်စေ့စပ်ပေးနေသည့် ပါကစ္စတန်နိုင်ငံမှ ဝန်ကြီးတစ်ဦးသည် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ မိုဂျ်တာဘာ ခါမေနီ (Ayatollah Mojtaba Khamenei) ထံ ပေးပို့မည့် စာတစ်စောင်နှင့်အတူ ဇွန်လ ၅ ရက်က အီရန်သို့ သွားရောက်ခဲ့သော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာမူ ရပ်တန့်နေပုံရကြောင်း အီရန်၏ ISNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ၏ ထုတ်ပြန်ချက်တွင် ရေကြောင်းသွားလာရေးကို ခြိမ်းခြောက်နေ သည့် အီရန်၏ ဒရုန်းများအား ပစ်ချခဲ့ပြီးနောက် အမေရိကန်တပ်ဖွဲ့ဝင်များသည် ဇွန်လ ၆ ရက် အစောပိုင်းက ဟော်မုဇ်ရေလက်ကြားအတွင်းရှိ ဂိုရတ်ခ် (Goruk) နှင့် ကက်ရှ်မစ်ကျွန်း (Qeshm Island) ရှိ အီရန်ကမ်းရိုးတန်း ရေဒါစခန်းများကို တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောသွားလာရေးကို ခြိမ်းခြောက်နေသည့် အီရန်၏ အခြား တိုက်ခိုက် ရေး ဒရုန်းနှစ်စင်းကိုလည်း ထပ်မံပစ်ချခဲ့ကြောင်း CENTCOM က ဆက်လက် ထုတ်ပြန်ခဲ့သည်။

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ကူဝိတ်နှင့် ဘာရိန်းနိုင်ငံတို့ရှိ အမေရိကန် စစ်အခြေစိုက် စခန်း များကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ကူဝိတ်စစ်တပ်ကမူ အီရန်၏ ပဲ့ထိန်းဒုံးကျည် ၇ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဘာရိန်းနိုင်ငံတွင်လည်း လေကြောင်းတိုက်ခိုက်မှု အချက်ပေး ဥဩသံများ ထွက်ပေါ်ခဲ့ပြီး ဒေသခံပြည်သူများကို ဘေးကင်းလုံခြုံရာနေရာများသို့ ခိုလှုံကြရန် တိုက်တွန်းခဲ့သည်။

Source: ရိုက်တာ