CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၅

ဖေဖော်ဝါရီ ၃ ရက်က အာရေဗျ ပင်လယ်အတွင်းရှိ အမေရိကန်၏ USS Abraham Lincoln လေယာဉ်တင် သင်္ဘောအနီးသို့ ရန်လိုသည့် ပုံစံမျိုးဖြင့် ချဉ်းကပ် ပျံသန်းလာသော အီရန်ဒရုန်းတစ်စင်းကို အမေရိကန်စစ်တပ်က ပစ်ချလိုက်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုဖြစ်စဉ်သည် အီရန်နှင့် အမေရိကန်ကြား နျူကလီးယား ဆွေးနွေးပွဲများ ပြုလုပ်ရန် သံတမန်ရေးအရ ကြိုးပမ်း နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အမေရိကန်စစ်သင်္ဘောများ အီရန်နိုင်ငံဘက်သို့ ဦးတည် မောင်းနှင်နေချိန်တွင် အီရန်အနေဖြင့် သဘောတူညီမှု မယူပါက ဆိုးရွားသည့် အရာများ ဖြစ်လာနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က သတိပေးထားသည်။

အီရန်၏ ဒရုန်း ပစ်ချခံရသည့် သတင်းကြောင့် ရေနံစိမ်း ကြိုတင်ရောင်းဝယ်မှု ဈေးနှုန်းများသည် တစ်စည်လျှင် ၁ ဒေါ်လာကျော် မြင့်တက်သွားခဲ့သည်။

အမေရိကန်စစ်တပ်၏ ထုတ်ပြန်ချက်တွင် အီရန်လုပ် Shahed-139 အမျိုးအစား ဒရုန်းသည် လေယာဉ်တင် သင်္ဘောထံ ရှင်းလင်းစွာ မသိရသည့် ရည်ရွယ်ချက်ဖြင့် ပျံသန်းလာခဲ့ခြင်းဖြစ်ပြီး အမေရိကန်၏ F-35 တိုက်လေ ယာဉ် တစ်စင်းက ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်သင်္ဘောတစ်စင်းကို တွေ့ရစဉ်

“မိမိကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ လေယာဉ်တင်သင်္ဘောနဲ့ သင်္ဘောသားတွေကို အကာအကွယ် ပေးဖို့အတွက် Abraham Lincoln သင်္ဘောပေါ်က F-35C တိုက်လေယာဉ် တစ်စင်းဟာ အီရန်ဒရုန်းကို ပစ်ချခဲ့တာဖြစ်ပါတယ်” ဟု အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ၏ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်မှူးကြီး တင်မ် ဟော့ကင်းစ် (Tim Hawkins) က ပြောကြားခဲ့သည်။

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အီရန်သံတမန်အဖွဲ့က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

အီရန်နိုင်ငံ၏ Tasnim သတင်းဌာနကမူ နိုင်ငံတကာ ရေပြင်များအတွင်း ဒရုန်းတစ်စင်းနှင့် အဆက်အသွယ် ပြတ်တောက် သွားခဲ့သော်လည်း အကြောင်းရင်းကို မသိရသေးကြောင်း ဖော်ပြခဲ့သည်။

ထိုဖြစ်စဉ်အတွင်း အမေရိကန်စစ်သားများ ထိခိုက်ဒဏ်ရာ မရခဲ့ဘဲ စစ်ဘက်ဆိုင်ရာ အသုံးအဆောင် ပစ္စည်းများ လည်း ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း ဟော့ကင်းစ်က ပြောကြားခဲ့သည်။

Source: ရိုက်တာ