CNI International News
နယူးဒေလီ၊ ဖေဖော်ဝါရီ ၅
အိန္ဒိယသည် လျှော့စျေးဖြင့် ရရှိနေသည့် ရုရှားရေနံများနှင့် ပိတ်ဆို့ခံထားရသည့် အီရန်ရေနံများကို ဝယ်ယူနေခြင်း ကို ရပ်တန့်ရန် အမေရိကန်၏ ဖိအားပေးမှုအား အချိန်ကြာမြင့်စွာ ရင်ဆိုင်ခဲ့ရပြီးနောက် အိန္ဒိယအစိုးရသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ တောင်းဆိုချက်ကို လိုက်လျောရန် ဆုံးဖြတ်ခဲ့ဖွယ်ရှိ ကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ထို့နောက် အိန္ဒိယသည် ရုရှားထံမှ ရေနံတင်သွင်းမှုကို တဖြည်းဖြည်း ရပ်နားသွားရန်နှင့် အမေရိကန်ထံမှ ရေနံများ ကို ပိုမိုဝယ်ယူရန် သဘောတူညီခဲ့ပြီး ဗင်နီဇွဲလား ရေနံများကိုလည်း ဝယ်ယူရန် အလားအလာ ရှိနေသည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) သည် ရုရှားထံမှ ရေနံများ ဝယ်ယူမှုကို ရပ်တန့်ရန် စီစဉ်နေကြောင်း ထရမ့်က ၎င်း၏ Truth Social လူမှုမီဒီယာတွင် ဖေဖော်ဝါရီ ၂ ရက်က ရေးသားခဲ့သည်။
ထိုသို့ လုပ်ဆောင်ခြင်းသည် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ထရမ့်က ပြောကြားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ယူကရိန်းနှင့် တိုက်ခိုက်နေသည့် စစ်ပွဲအတွက် အဓိက ငွေကြေး အရင်းအမြစ်ဖြစ်သည့် ရုရှား၏ စွမ်းအင်ကဏ္ဍမှ ဝင်ငွေသည် ပြီးခဲ့သည့် နှစ်တွင် ၅ ပုံ ၁ ပုံခန့် ကျဆင်းသွားခဲ့ကြောင်း ဗြိတိန်အခြေစိုက် Financial Times သတင်း စာက ပြီးခဲ့သည့် သီတင်းပတ်တွင် ဖော်ပြခဲ့သည်။
ထိုကဲ့သို့ စစ်ပွဲအတွက် အဓိက ငွေကြေး အရင်းအမြစ် ကျဆင်းသွားခဲ့ခြင်းသည် ရုရှားသမ္မတ ပူတင် (Vladimir Putin) ကို ငြိမ်းချမ်းရေး သဘောတူညီချက် ရယူစေရန် ဖိအားပေးသကဲ့သို့ ဖြစ်ခဲ့သည်။
အိန္ဒိယအနေဖြင့် ကျောက်မီးသွေး အပါအဝင် အမေရိကန်၏ စွမ်းအင်၊ နည်းပညာ၊ စိုက်ပျိုးရေးနှင့် အခြား ထုတ်ကုန်များကို ဒေါ်လာ ၅၀၀ ဘီလျံဖိုးအထိ ဝယ်ယူလိမ့်မည်ဟု ထရမ့်က ပြောကြားခဲ့သည်။
အိန္ဒိယသည် တစ်နေ့လျှင် ရေနံစိမ်း စည်ပေါင်း ၅ သန်းခန့် တင်သွင်းနေပြီး ထိုရေနံစိမ်း စည်များ၏ ၄ ပုံ ၁ ပုံမှာ ရုရှားထံမှ ဖြစ်သဖြင့် ရုရှားရေနံအစား အမေရိကန်ရေနံနှင့် အပြည့်အဝ အစားထိုးရန်မှာ လပေါင်းများစွာ သို့မဟုတ် နှစ်နှင့်ချီ ကြာမြင့်နိုင်သည်။

ရေနံကုမ္ပဏီတစ်ခုကို တွေ့ရစဉ်
အိန္ဒိယသည် ရုရှားရေနံကို လျှော့စျေးဖြင့် ဝယ်ယူနိုင်ခဲ့သော်လည်း အမေရိကန်ရေနံသည် ဈေးပိုကြီးသဖြင့် ရုရှား ရေနံအစား အမေရိကန်ရေနံ အစားထိုးမည့် အစီအစဉ်သည် အိန္ဒိယ၏ တစ်နှစ်တာ ရေနံတင်သွင်းမှု ကုန်ကျ စရိတ်ကို ဒေါ်လာ ၉ ဘီလျံမှ ၁၁ ဘီလျံအထိ ပိုမိုမြင့်တက်စေလိမ့်မည်ဟု စွမ်းအင်စောင့်ကြည့်ရေးအဖွဲ့ဖြစ်သော Kpler က ခန့်မှန်းထုတ်ပြန်ခဲ့သည်။
အမေရိကန် ရေနံဆိုသည်မှာ ဗင်နီဇွဲလားဆီကနေ ဝယ်ယူလာပြီး တခြားနိုင်ငံကို အမေရိကန်က ပြန်လည် ရောင်း ချနေသော ရေနံများကို ဆိုလိုခြင်းဖြစ်သည်။
သို့သော် အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့်မည့် ခြိမ်းခြောက်မှုနှင့် ပိတ်ဆို့ အရေးယူမှုများကြောင့် အိန္ဒိယသည် အမေရိကန်ရေနံ ဝယ်ယူမှုကို စတင်တိုးမြှင့်နေပြီဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဧပြီလမှ နိုဝင်ဘာလအတွင်း အိန္ဒိယသည် အမေရိကန်ထံမှ ရေနံ ဝယ်ယူတင်သွင်းမှု ၉၂ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ကြောင်း The Times of India သတင်းစာက ဖော်ပြခဲ့သည်။
၂၀၂၅ ခုနှစ်အတွင်း အိန္ဒိယက တင်သွင်းခဲ့သည့် စုစုပေါင်း ရေနံတန်ချိန် ၁၇၈ ဒသမ ၁ သန်းအနက် ၁၃ သန်းမှာ အမေရိကန်ထံမှ ဖြစ်ပြီး ၂၀၂၄ ခုနှစ်က ၇ ဒသမ ၁ သန်းသာ ရှိခဲ့သဖြင့် သိသိသာသာ တိုးတက်လာခြင်း ဖြစ်သည်။
Source: DW
