CNI International News

နယူးဒေလီ၊ ဇွန်လ ၁၄

ယူကရိန်းစစ်ကြောင့် ရုရှားထံမှ စွမ်းအင်တင်သွင်းခြင်းကို ဥရောပသမဂ္ဂ(EU)နှင့် အခြား မဟာမိတ်နိုင်ငံများက ပိတ်ဆို့ ဖြတ်တောက်ခဲ့ပြီး ပြင်းထန်သော ဖိအားပေးနေသော်လည်း အာရှနိုင်ငံများက ရုရှားကို ဝင်ငွေတိုးစေခဲ့ ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ထို့နောက် ယခုအခါ အိန္ဒိယနှင့် အခြား အာရှနိုင်ငံများသည် ရုရှားရေနံဖြင့် ဝင်ငွေရှာဖွေရန် အရေးပါသော အရင်း အမြစ်များ ဖြစ်လာနေသည်ဟု အေပီက ဆက်လက်ရေးသားထားသည်။

ဝါရှင်တန်(အမေရိကန်) ဦးဆောင်သော အနောက်အုပ်စု မဟာမိတ်နိုင်ငံများက မော်စကို(ရုရှား)၏ ကျူးကျော် စစ်ကို အကြောင်းပြုပြီး ငွေကြေး စီးဆင်းမှုကိုလည်း ကန့်သတ်သွားရန် ကြိုးစားနေချိန်၌ အထက်ပါအတိုင်း အာရှမှဝယ်ယူမှုများ ရှိနေ၍ ရုရှား ပို့ကုန်ဝင်ငွေများ ရရှိစေခဲ့သည်။

ရုရှားသည် ယူကရိန်းသို့ ကျူးကျော်စစ်ဖြင့် ဝင်ရောက်ပြီးနောက် ပြီးခဲ့သည့် မေလတွင် ပို့ကုန်ပမာဏ ကျဆင်း ခဲ့သော်လည်း ပထမရက် ၁၀၀ အတွင်း ရေနံစသည့် ရုပ်ကြွင်းလောင်စာတင်ပို့မှုမှ ယူရို ၉၃ ဘီလီယံ (ဒေါ်လာ ၉၇ ဒသမ ၄ ဘီလီယံ) ရရှိခဲ့ကြောင်း ဖင်လန်နိုင်ငံအခြေစိုက် စွမ်းအင်နှင့်သန့်ရှင်းလေထုသုတေသနဌာန၊ ဟယ်စင်ကီ (Helsinki) အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။ အဆိုပါအစီရင်ခံစာကို ဇွန်လ ၁၂ ရက်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ  စက်သုံးဆီဆိုင်တစ်ဆိုင်တွင် ဆိုင်ကယ်စီးသူတစ်ဦး ဆီဖြည့်နေစဉ်(ဓါတ်ပုံ-အေပီ)

“ရုပ်ကြွင်းတင်ပို့ရောင်းချခြင်းမှ ရသည့်ဝင်ငွေသည် ရုရှား၏ စစ်အင်အားတည်ဆောက်မှုနှင့် ရန်လိုတိုက်ခိုက်နိုင်မှု ၏ အဓိကအကြောင်းရင်းဖြစ်ပြီး ဖက်ဒရယ်အစိုးရဘတ်ဂျက်၏ ၄၀ ရာခိုင်နှုန်းကို ပံ့ပိုးပေးနေကြောင်း” ဟယ်စင် ကီ အစီရင်ခံစာ ပြုစုရာတွင်ပါဝင်ခဲ့သည့် လွတ်လပ်သောအတွေးအခေါ်ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိ၍ စွမ်းအင်ဆာလောင်နေသော အိန္ဒိယနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ရုရှားရေနံစည် သန်း ၆၀ နီးပါး ဝယ်ယူခဲ့ရာ ၂၀၂၁ ခုနှစ်က ဝယ်ယူခဲ့သည့် စည်ပေါင်း ၁၂ သန်းနှင့် နှိုင်းယှဉ်ကြည့်နိုင်ကြောင်း ကုန်စည်အချက်အလက်ဆိုင်ရာကုမ္ပဏီတစ်ခုဖြစ်သည့် ကာပလာ (Kpler) ၏အဆိုအရ သိရသည်။ တရုတ် နိုင်ငံကဲ့သို့ အခြားအာရှနိုင်ငံများသို့လည်း ရုရှားတင်ပို့မှုမှာ မကြာသေးမီလများအတွင်း တိုးလာသော်လည်း အတိုင်းအတာတစ်ခုအထိတော့ နည်းပါးနေသေးသည်။

အေပီနှင့်အင်တာဗျူးတစ်ခုတွင် သီရိလင်္ကာဝန်ကြီးချုပ်က ရုရှားထံမှ ရေနံ ပိုမိုဝယ်ယူရန် တံခါးဖွင့်ထားကြောင်း ပြောကြားခဲ့ပြီးဖြစ်သည်။ ၎င်းနိုင်ငံသည် စီးပွားရေးအခြေအနေ အလွန်ဆိုးရွားနေပြီး တိုင်းပြည်လည်ပတ်နိုင်မည့် လောင်စာဆီ အသည်းအသန်ရှာဖွေနေရသည်။

မကြာသေးမီက အာဏာရလာခဲ့သော ရွေးကောက်ခံ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာထံသို့ ရုရှား သံအမတ် မာရက်ပက်ဗ်လော့က ဇွန်လ ၁၂ ရက်တွင် သွားရောက်တွေ့ဆုံခဲ့ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ ပံ့ပိုးမည့် မော်စကို၏အကူအညီကို ကမ်းလှမ်းခဲ့သည်။

Source: AP