CNI International News
နယူးဒေလီ၊ ဩဂုတ် ၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဖိအားပေးမှုများကြားတွင် အိန္ဒိယနှင့် တရုတ်က ရုရှားရေနံကို မဝယ်တော့ပါ က မည်သည့် အခြေအနေများ ဖြစ်ပေါ်လာမလဲဆိုသည့်အပေါ် ကျွမ်းကျင်သူများက လေ့လာနေကြသည်။
အိန္ဒိယနှင့် တရုတ်သည် ရုရှားထံမှ ရေနံများ ဆက်လက် ဝယ်ယူနေသဖြင့် ထိုနိုင်ငံများအပေါ် ဒုတိယမြောက် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်မည်ဟု ပြောကြားခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ခြိမ်းခြောက်မှုများကို အိန္ဒိယနှင့်တရုတ်တို့က တုံ့ပြန်ဝေဖန်ခဲ့ကြကြောင်း DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ သည်။
အိန္ဒိယနှင့် တရုတ်တို့က ၎င်းတို့၏ စွမ်းအင်လုံခြုံရေးနှင့် စီးပွားရေး အချုပ်အခြာကို ကာကွယ်သွားမည်ဟု ကတိပြုခဲ့ပြီး အမေရိကန်၏ ခြိမ်းခြောက်မှုသည် အကျပ်ကိုင်မှုနှင့် ဖိအားပေးမှု ဖြစ်သည်ဟု ဝေဖန်ခဲ့သည်။
၂၀၂၂ ခုနှစ်က တရုတ်သည် ရုရှားထံမှ ရေနံဝယ်ယူမှု အများဆုံးနိုင်ငံ ဖြစ်ခဲ့သည်။
အိန္ဒိယကလည်း အနောက်နိုင်ငံများသည် သူတော်ကောင်းဟန် ဆောင်နေကြောင်းနှင့် ဥရောပသမဂ္ဂသည်လည်း ရုရှားထံမှ စွမ်းအင်များကို ဆက်လက် ဝယ်ယူနေကြောင်း ထောက်ပြပြောဆိုခဲ့သည်။
ရုရှားက ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဥရောပသည် ရုရှားထံမှ စွမ်းအင်ဝယ်ယူမှုကို ကြီးမားစွာ လျှော့ချခဲ့သော်လည်း ယခုအချိန်အထိ ဆက်လက် ဝယ်ယူနေဆဲဖြစ်သည်ဟု အိန္ဒိယက ပြောသည်။
အိန္ဒိယရေနံဆီများကို တွေ့ရစဉ်
ထို့ပြင် အမေရိကန်သည် ကမ္ဘာလုံးဆိုင်ရာ ရေနံစျေးနှုန်းများ တည်ငြိမ်မှု ရှိစေရန်အတွက် ရုရှားထံမှ ရေနံများ ဝယ်ယူနေသည့် အိန္ဒိယကို တက်ကြွစွာ ထောက်ခံခဲ့ကြောင်းလည်း အိန္ဒိယက ပြောကြားခဲ့သည်။
အိန္ဒိယ၏ ရုရှားထံမှ ရေနံဝယ်ယူမှု ပမာဏသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ၁၉ ဆနီးပါး မြင့်တက်ခဲ့ပြီး တစ်ရက်လျှင် ရေနံစည်ပေါင်း ၀ ဒသမ ၁ သန်းမှ ၁ ဒသမ ၆ သန်း မြင့်တက်ခဲ့သည်။
ထို့ပြင် ရုရှား၏ ရေနံများကို တရုတ်က ဝယ်ယူမှုသည်လည်း ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး တစ်ရက်လျှင် ရေနံစည်ပေါင်း ၂ ဒသမ ၄ သန်းအထိ ရှိခဲ့သည်။
တရုတ်ပြီးလျှင် ရုရှား၏ ရေနံများကို ဒုတိယအများဆုံး ဝယ်ယူသည့် အိန္ဒိယသည် ရုရှား၏ ရေနံများကို လျှော့စျေး ဖြင့် ဝယ်ယူနိုင်ခဲ့၍ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်ကြား စွမ်းအင်အတွက် ကုန်ကျစရိတ်သည် ၃၃ ဘီလျံ သက်သာစေခဲ့ သည်ဟု လစ်သူယေးနီးယားနိုင်ငံ အခြေစိုက် စွမ်းအင်နှင့်သန့်ရှင်းသော လေထုဆိုင်ရာ သုတေသနစင်တာ (CREA) ၏ စွမ်းအင်ရေးရာကျွမ်းကျင်သူ ပီထရက်စ် ကာတီနက်စ် (Petras Katinas) က ပြောကြားခဲ့သည်။
Source: DW