CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၀
မြန်မာနိုင်ငံသည် နယ်စပ်ကုန်သွယ်ရေးနှင့် ပြည်တွင်း ကုန်သွယ်ရေး လုပ်ငန်းများတွင် ကုန်စည်တင်သွင်းရာ လမ်းကြောင်းများမှာ တိုက်ပွဲများ ဖြစ်ပွားနေခြင်း အပါအဝင် ဂိတ်ကြေးများ မတန်တဆ တောင်းခံနေခြင်းနှင့် လက်နက်ကိုင်အဖွဲ့ပေါင်း များစွာတည်ရှိနေခြင်းကြောင့် ကုန်သွယ်မှု အခက်အခဲများဖြစ်ကာ ကုန်စည်များ ကြန့်ကြာ နေသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံမှတဆင့် လူသုံးကုန်ပစ္စည်းများ အဓိကတင်သွင်းရာ ကုန်ကားများသည် မြဝတီမြို့မှ ဒေါနတောင် လမ်းဟောင်း ဟုခေါ်သည့် မြဝတီ-ထော့ကော်ကိုး-နဘူး-ဘားအံလမ်းပိုင်းကို အသုံးပြုသွားလာကြသည်။
ထိုင်းကုန်စည်စီးဆင်းမှု သိသိသာသာ ကျဆင်းလာသည်မှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် စစ်ဆေးရေး ဂိတ်များ အများပြား ရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု မြဝတီမြို့နယ်၊ ကုန်သွယ်ရေးဇုန်၊ ကုန်တင်/ကျ ဌာန တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပထမဆုံး မရမ်းချောင်ဂိတ်မှာ အဖမ်းအဆီး အစစ်အဆေးတွေရှိလို့ သွင်းကုန်၊ပို့ကုန် လုပ်ငန်းအများစုက အရင်လထက် တရားဝင် ကုန်စည်စီးဆင်းမှု ၃၀ ရာခိုင်နှုန်းလောက် ကျဆင်းမယ် ထိုင်းကုန်စည်စီးဆင်းမှုက အရင် တုန်းက ရာခိုင်နှုန်းပြည့် မီသလောက် အခုချိန်မှာ ၃၀ ရာခိုင်နှုန်းပဲ စီဆင်းပါမယ်၊ ၃၀ ရာခိုင်နှုန်း စီးဆင်းတဲ့ နေရာမှာ လည်း ဂျူတီဆောင်ထားတဲ့ လုပ်ငန်းတွေလောက်ပဲ စီးဆင်းမယ်၊ အေးဂျင့်တွေဆီက သိရသလောက် အရင်က ကုန် ကား အစီး ၁၀၀ သွားနိုင်တယ်ဆိုရင် အခု ၃၀ လောက်ပဲ သွားနိုင်တော့တယ်၊ ကုန်တင်/ကုန်ကျ လုပ်သားတွေ အနေနဲ့ ဆိုရင် ဒီလဟာ ဝင်ငွေနည်းသွားတဲ့လ၊ နောက်ပြီး လမ်းကြောင်း အခြေအနေက အာရှလမ်း ပိတ်ထားတာဖြစ်လို့ အရင် ဒေါနတောင် လမ်းဟောင်း၊ ထော့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်းတွေမှာ လမ်းကြောင်း အခြေအနေမှာ အရင် နှစ်လောက် မဆိုးဝါးဘူး ဆိုပေမယ့် ဒီနှစ်ကတော့ ကုန်သွယ်စီးဆင်းမှု နည်းတယ်၊ မြေသားကျောက်ခဲလမ်းဖြစ်လို့ မတော်တဆယာဉ် အန္တရာယ် ဖြစ်တာတွေ၊ နယ်မြေ မငြိမ်းချမ်းဘဲ တိုက်ပွဲတွေ မကြာခဏ ပြင်းထန်နေတာတွေရှိလို့ ကုန်သည်တွေအတွက် ထိခိုက်နစ်နာမှုတွေရှိသလို ပြည်သူတွေအတွက်ကလည်း ကုန်ဈေးနှုန်းတက်လာလို့ စားဝတ် နေရေး မလောက်ငှတာတွေ ကြုံနေကြရမှာပါပဲ” ဟု ပြောသည်။
မူဆယ်ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
မြဝတီမြို့အထွက် ဒေါနတောင်လမ်းဟောင်းသည် တောင်တက်တောင်ဆင်း မြေသားကျောက်ခဲ တစ်လမ်းမောင်း စနစ်ဖြစ်ရာ တောင်ပေါ်အတက်တစ်ရက်၊ အဆင်းတစ်ရက် အသုံးပြုကြသည့် လမ်းဖြစ်ကြောင်း၊ ထိုလမ်း ကြောင်းပေါ် တွင် လက်နက်ကိုင် အဖွဲ့အစည်း ပေါင်းစုံက လမ်းကြေးများ တောင်းခံနေကြောင်း ခရီးသွားပြည်သူများက ပြောသည်။
ပရဟိတအလင်းသစ်အသင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက “ကုန်စည်လမ်းကြောင်းက ကျနော်တို့ ကုန်ကားတွေကတော့ ၁၂ ဘီးရယ်၊ ၆ ဘီးရယ်ကတော့ အရင်ကထက် တစ်ဝက်လောက်တော့ လျော့ကျသွားတယ်၊ Import တိရစ္ဆာန် ဝက်တို့ ဂျူတီပေးတယ်ထင်တယ်၊ တင်သွင်းတဲ့ ကားတွေများတယ်၊ တောင်ပေါ်လမ်းမှာ ဂိတ်တွေ အများကြီးပဲ။ လမ်းဟောင်း မှာတော့ KNLA အဖွဲ့များတယ် နဘူးလမ်းပိုင်းကျော်ရင်တော့ KNU၊ KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့တွေ များတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ထိုင်းလူသုံးကုန်ပစ္စည်းကို အများစု အသုံးပြုကြပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများက ထိုင်းကုန်စည်စီးဆင်းမှုကို အမှီပြု၍ စီးပွားရေးလုပ်ကြသည်။
အလားတူ တရုတ်နိုင်ငံကနေလည်း လျှပ်စစ်ပစ္စည်း၊ လူသုံးကုန်များနှင့် ဆေးဝါးများ အပါအဝင် အိမ်ဆောက် ပစ္စည်းများလည်း တင်သွင်းလျက်ရှိကြောင်း၊ သို့သော် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသလို လက်နက်ကိုင်အဖွဲ့ပေါင်စုံ လမ်းကို ထိန်းချုပ်၍ ငွေကြေးတောင်းခံနေကြခြင်းကြောင့် ကုန်သွယ်ရေး ရပ်တန့်လျက်ရှိသည်။
ကုန်တင်ကားကို တွေ့ရစဉ်
မရမ်းချောင်ဂိတ်တွင် စစ်ဆေးမှုများသည့်အတွက် တရားမဝင် ထိုင်းကုန်စည်စီးဆင်းမှုမှာ သိသိသာသာ လျော့ပါး သွားပြီး ထိုင်းနိုင်ငံမှ တရားဝင် ကုန်စည်များမှာလည်း ယခင်ထက် ထပ်ဝက် လျော့နည်းသွားသည်ဟု Online Shop လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
အလားတူ မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုနှင့်တစ်ခုကြား ကုန်စည်များ ပို့ဆောင်ရာမှာလည်း ကုန်သွယ်ရေးလမ်းများကို မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့ပေါင်းစုံက ဂိတ်များဖွင့်လှစ်၍ စစ်ဆေးမှု များပြား ခြင်း၊ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေခြင်း၊ တားဆီးပိတ်ဆို့မှုများ ပြုလုပ်နေခြင်းတို့ကြောင့် ကုန်စည်စီးဆင်းမှုများ လျော့နည်းလာသလို ကုန်သွယ်မှု အခက်အခဲများ ရင်ဆိုင်နေကြရသည်။
မြဝတီ-ဘားအံ ကားလမ်း ခရီးသွားယာဉ် ယာဉ်ငယ်မောင်းသူ တစ်ဦးက “ကုန်ကားက ဂျူတီပေါ် မူတည်တယ် နေ့ချင်းပြန်တော့ မရလောက်တော့ဘူး လမ်းဟောင်းက KNLA ဂိတ်၊ ထော့ကော်ကိုးလမ်းကြောင်းမှာက BGF၊ DKBA၊ KNU ဂိတ် ၁၀ ဂိတ်လောက်ရှိမယ်၊ ကြက်ဥတောင်လမ်းပိုင်းမှာက DKBA အပိုင်လမ်းဖြစ်တယ်၊ ခရီးသည်တစ်ဦးကို ကားခ တစ်သိန်း၊ တစ်သိန်းခွဲလောက်တော့ ယူတယ်၊ ဂိတ်တွေမှာက ကားတွေတန်းစီ အစစ်ခံ လမ်းကြေးပေးရလို့ ဒီမနက်က မနက် ၆ နာရီက စထွက်ရင် နေ့လည် ၂ နာရီ ဝန်းကျင်မှရောက်တာ”ဟု CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံသည် လူသုံးကုန်များ၊ စားသောက်ကုန်များ၊ အိမ်ဆောက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဆေးဝါးများ စသည့် သွင်းကုန်များအား ထိုင်းနှင့်တရုတ်ကို အမှီအခိုပြုနေရသည်။
လက်ရှိတွင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးသည် တိုက်ပွဲများ ကြောင့် ရပ်တန့်ထားရသလို တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သော ဂျယ်ခေါင်-မူဆယ်-လားရှိုး-မန္တလေး လမ်းမကြီးသည်လည်း တိုက်ပွဲများကြောင့် ရပ်တန့်ထားရသည်။