CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၁

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့် မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ၂ ခု တွင် မည်သည့် ကုန်သွယ်ရေးလမ်းကြောင်းက ပိုတည်ငြိမ်သလဲဟု နိုင်ငံရေးအသိုင်းအဝိုင်းနှင့် ကုန်သည်အသိုင်း အဝိုင်းကြား သုံးသပ်လျက်ရှိသည်။

မြန်မာနိုင်ငံရှိ နေရာအနှံ့အပြားတွင် လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း များလည်း မကြာခဏ ပိတ်ရသည့် အခြေအနေများရှိနေသည်။

ထိုနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများအနက် ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် လမ်းတံတားများ ဖျက်ဆီးခံရခြင်း၊ ကုန်သွယ်ရေးဇုန်များ မကြာခဏ ဗုံးပေါက်ကွဲမှုများကြုံတွေ့ရခြင်း၊ တိုက်ပွဲများကြောင့် ကုန် သွယ်ရေးလမ်းကြောင်းများ ပိတ်ရခြင်း စသည့် အခြေအနေများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

သို့သော် တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကတော့ ထိုင်းနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှာ ကြုံတွေ့ နေရသော အခြေအနေများကို မကြုံရပေ။

တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း တစ်လျှောက်တွင် တရုတ်နိုင်ငံပိုင် အကျိုးစီးပွားများ ရှိနေခြင်း ကြောင့် လက်နက်ကိုင် အဖွဲ့အစည်းများကလည်း တရုတ်၏ အကျိုးစီးပွားကို ထိခိုက်စေမည့် ကိစ္စများကို ရှောင်ကြကြောင်း၊ ထိုင်းနိုင်ငံသည် ၎င်းနယ်စပ်ရှိ လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် ဩဇာသက်ရောက်မှု မရှိခြင်းကြောင့် မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည် တည်ငြိမ်မှု မရှိဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်က မြဝတီ- ကော့ကရိတ်လမ်းပိုင်းတနေရာတွင် မီးရှို့ခံလိုက်ရသည့် ကုန်တင်ယာဉ်များ (CJ)

ဦးရဲထွန်းက “တရုတ်အရင်းအနှီးတွေပါတော့ လမ်းတွေဖျက်ဆီးတာ၊ တံတားတွေ ဖျက်ဆီးတာကိုလည်း တရုတ် က ကြိုက်ပုံမရဘူး။ နောက် ကုန်သွယ်ရေးလမ်းကြောင်းကို တကယ်လို့ တိုက်ခိုက်လို့ရှိရင်လည်း တရုတ်စီးပွားရေး ကိုလည်း ထိခိုက်မှာပေါ့နော်။ အဲဒါကြောင့်မို့လို့ ဒီဟာတော့ အဖွဲ့အစည်းတွေက ရှောင်ကုန်ကြတယ်။ ထိုင်းက လည်း ထိုနည်းလည်းကောင်းပဲ၊ ထိုင်းကိုကျတော့ ထိုင်းအစိုးရက အဲဒီအဖွဲ့တွေအပေါ်မှာ သိပ်ပြီး ဩဇာသက် ရောက်မှု မရှိဘူး။ သက်ရောက်မှု မရှိတဲ့အခါကျတော့ သူတို့က KNU နဲ့ NUG, PDF တွေကတော့ ဘာပဲဖြစ်ဖြစ် ထိုင်းနဲ့ ကုန်သွယ်ရေး ပြတ်တောက်သွားတာမျိုးပဲ သူတို့က လိုချင်မှာပေါ့။ အဲဒီကုန်သွယ်ရေးက နစကအစိုးရကို အခွန်တွေ အများကြီး ရှာပေးနိုင်တာကိုး။ ဒါကြောင့်မို့လို့ သူတို့က အဲဒါတွေကိုလည်း တိုက်ခိုက်တာပေါ့နော်။ တိုက်ခိုက်တော့ ထိုင်းအစိုးရကတော့ ဒီကိစ္စတွေ မဖြစ်အောင် သူ့ပြည်တွင်းမှာရှိတဲ့ ဖမ်းလို့ပြုလို့ရတာတွေတော့ ဖမ်းပြီးတော့ နှိမ်နှင်းပေးတာတွေ ရှိတယ်။ ဟိုတလောက သူတို့ဘက် ထွက်ပြေးလာတဲ့ တချို့ကို ဖမ်းပြီးတော့ နစကကို အပ်လိုက်တာမျိုးပေါ့နော်။ ဒါပေမယ့် ဒီဘက်က အဖွဲ့တွေအပေါ်မှာ သိပ်ပြီးတော့ ဩဇာမရှိဘူး” ဟု ပြောသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့(AA- TNLA- MNDAA)တို့က “တရုတ်ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နေသည့် ဒေသများ တွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို နှောင့်ယှက်သည့် မည်သည့် အဖွဲ့အစည်းကိုမဆို အရေးယူသွား မည်”ဟု ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့စွဲဖြင့် ထုတ်ပြန် ပြောကြားခဲ့သည်။

မြန်မာ - တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း တစ်လျှောက်ရှိ လက်နက်ကိုင် အဖွဲ့အစည်း အများစုအပေါ် တွင် တရုတ်နိုင်ငံက ဩဇာသက်ရောက်မှုများ ရှိနေခြင်းကြောင့် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးကို ထိခိုက် စေမည့် လုပ်ရပ်များကို လက်နက်ကိုင် အဖွဲ့အစည်းများက လုပ်ဆောင်ခြင်းမရှိကြောင်း နိုင်ငံရေးလေ့လာသူများ က ပြောသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ TNLA အဖွဲ့ကိုတွေ့ရစဉ်

သို့သော်လည်း တရုတ်ကုန်သွယ်ရေးနှင့် ထိုင်းကုန်သွယ်ရေးလမ်းကြောင်း ၂ ခုသည် မကွာခြားကြောင်း၊ တရုတ် ကုန်သွယ်ရေး လမ်းကြောင်းတွင်လည်း တိုက်ပွဲဖြစ်ပွားကြောင်း၊ ကုန်တင်ယာဉ်များ ပစ်ခတ်ခံရမှုကြောင့် ယာဉ်မောင်းများ သေဆုံးခြင်းနှင့် ကားများ မီးရှို့ခံရမှုများလည်း ရှိကြောင်း ပြောင်းကုန်သည် ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တရုတ်ပြည်ကို ပို့နေတဲ့အချိန်တုန်းက ကွတ်ခိုင်နဲ့ မူဆယ်ကြားထဲမှာရှိတဲ့ နမ့်ဖတ်ကာဆိုတဲ့ နေရာမျိုးမှာ ခဏခဏ နွားကားတွေ အပစ်ခံထိတယ်။ ယာဉ်မောင်းတွေ သေတယ်။ တိုက်ပွဲတွေ ဖြစ်တယ်။ နွားကားဆိုရင် စနိုက်ပါနဲ့ ပစ်လို့ နွားတွေသေတယ်၊ ခဏခဏ ချောက်ထဲကျတယ်။ နောက် တိုက်ပွဲဖြစ်လို့ ကားမီးရှို့တာတွေ၊ Express ကားတွေ မီးရှို့ခံရတာတွေ အတူတူပဲ သိပ်မကွာဘူး။ တရုတ်က သူကပါးစပ်က ပြောတာပဲရှိတာ။ အောက်က ဖြစ်တာဖြစ်တာပဲ။ တိုက်ပွဲက ဖြစ်တာပဲ။ ဆက်ကြေးက ကောက်တာကိုး။ ဟိုတလောကဆိုလို့ရှိရင် မူဆယ်တောင် မရောက်သေးဘူး သီပေါနဲ့ လားရှိုးကြားမှာတင် ဆက်ကြေးကောက်လို့ ဘယ်အဖွဲ့က ကောက်တာ လဲဆိုပြီး လက်နက်ကိုင် အချင်းချင်းတောင် ပြန်မေးရတယ်။ ကြားအဖွဲ့တွေက ကောက်နေတာ အဲဒါတွေ ရှိတယ်။ ပြီးတော့ တောင်ပေါ်မှာလည်း ခဏခဏ ဖြစ်တယ်။ ဖြစ်တာတော့ ဖြစ်နေကြတာပဲ။ ဒီကြားထဲ လွန်ခဲ့တဲ့ ၂ နှစ်က ဆိုရင် ကျင်စန်းကျော့ဆိုတာက မူဆယ် (၁၀၅) မိုင်ဇုန် စစ်ဆေးရေးဂိတ် ရှိတယ်။ အဲဒီကနေပြီးတော့မှ မူဆယ်မြို့ ထဲကို ဝင်ရတာပေါ့နော်။ မူဆယ်နဲ့ ကွင်းထဲက လမ်းကြောင်းက ၂ ခု၊ ၃ ခု ရှိတယ်။ ၁ ခုက ကျင်စန်းကျော့ဆိုတဲ့ ရွာ ဘေးနားကနေ ပတ်ပြီးတော့မှ ဝမ်တိန်ကို သွားတယ်။ များသောအားဖြင့် အသီးကားတွေပေါ့။ သစ်သီးကားတွေ၊ ကုန်စိမ်းကားတွေ သွားရတယ်။ ကျင်စန်းကျော့မှာ ပြည်သူ့စစ်တွေနဲ့ ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်တဲ့အခါမှာ လမ်း ကြောင်းတွေ ပိတ်သွားတာ ရှိတယ်။ ၁ ပတ်၊ ၁၀ ရက်လောက်ဖြစ်လို့ အသီးတွေ ပုပ်လို့ လွှင့်ပစ်ရတာတွေ ရှိတယ်။ အမျိုးမျိုးပါပဲ၊ ဒါကတော့ သိပ်မကွာလှပါဘူး။ အားလုံးကတော့ အခြေအနေကြည့်ပြီး သွားကြလာကြရတာ” ဟု ပြောသည်။

နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားပြီးနောက်ပိုင်း တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းနှင့် ထိုင်းနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ၂ ခုလုံးတွင် လက်နက်ကိုင် အဖွဲ့အစည်းများက စစ်ဆေးရေးဂိတ်များဆောက်ပြီး ငွေကြေး တောင်းနေမှုများ ယခင်ကထက် ပို၍ များလာနေကြောင်း၊ လမ်းကြောင်းတစ်လျှောက် မကြာခဏ တိုက်ပွဲ ဖြစ်ပွားမှုများရှိကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။