CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်အတွင်းက ကျားဖြန့်(အွန်လိုင်းငွေလိမ်လည်ဂိုဏ်း)နှိမ်နင်းရေးအတွက် တရုတ်-ထိုင်း-မြန်မာ သုံးနိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများ တွေ့ဆုံ၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်က ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို မြန်မာဘက်ခြမ်းတွင် ပြုလုပ်ခဲ့ပြီး မြန်မာဘက်က ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်နှင့် ဒုတိယရဲချုပ်တို့ ဦးဆောင်တက်ရောက်ခဲ့သလို တရုတ်ဘက်က ပြည်သူ့လုံခြုံရေးဒုဝန်ကြီး မစ္စတာလျှိုကျုံးရီနှင့် တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှူးတို့ ဦးဆောင်တက်ရောက်ခဲ့ သည်။
ထို့နောက် ထိုင်းဘက်က ကာကွယ်ရေးဝန်ကြီးကိုယ်စား General Trisak Indraransmi နှင့် ကာကွယ်ရေးဝန်ကြီး ဌာနအကြံပေး Mr. Sakhorn Boongullaya တို့ ဦးဆောင်တက်ရောက်ခဲ့သည်။
ထိုသုံးနိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်မြို့နှင့် KK Park နယ်မြေများသို့ သွားရောက်၍ ကျားဖြန့်ဂိုဏ်းများမှ လူကုန်ကူးခံထားရသူများကို တွေ့ဆုံခဲ့သည်။
ထို့နောက် သုံးနိုင်ငံကိုယ်စားလှယ်များသည် မြဝတီမြို့၌ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး လွှဲပြောင်းပေးအပ်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။
မြန်မာအစိုးရသည် ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်မြို့နှင့် KK Park နယ်မြေများရှိ ကျားဖြန့်ဂိုဏ်းများနှင့် လုပ်ငန်းများကို စစ်ဆေးဖော်ထုတ်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အထိ ပြည်ပနိုင်ငံသား ၁၀၃၀ ဦးကို ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများအား ဥပဒေနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
မြဝတီ၊ ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများကို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်နယ်ခြား စောင့်တပ်ဖွဲ့(BGF)တို့က ထိန်းချုပ်ထားသည်။