CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၂
ထိုင်းစစ်တပ်နှင့်မြန်မာစစ်တပ် ပူးပေါင်းပြီး အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်း(ကျားဖြန့်)ကို နှိမ်နင်းရန် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အကြီးအကဲများ တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်က နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် Army Operations Center၊ Countries Coordination Center(NCCC)ဌာန တာဝန်ခံ General Direk Bongkarn တို့တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ တွေ့ဆုံကြစဉ် နယ်စပ်ဒေသတွင် ဖြစ်ပွားလျက်ရှိသည့် တရားမဝင် လူကုန်ကူးမှုများ၊ အွန်လိုင်းငွေကြေး လိမ်လည်မှုများ ပပျောက်ရေးအတွက် နှစ်နိုင်ငံအစိုးရနှင့်တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ထိုင်းနိုင်ငံမှ မြန်မာရေပိုင်နက်အတွင်း တရားမဝင် ငါးဖမ်းလှေနှင့် လှေလုပ်သားများအပေါ် မြန်မာနိုင်ငံ မှ အရေးယူထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်လိုသည့် အစီအစဉ်များ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။
ကျားဖြန့်လုပ်ငန်းနဲ့ BGF-DKBA- တရုတ်လုပ်ငန်းရှင်များ ဆွေးနွေးနေကြစဉ်
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းနှင့် KK Park တွင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေကြသလို တရုတ်နိုင်ငံသား သရုပ်ဆောင် ဝမ်ရှင်း အပါအဝင် တခြားသော ပြည်ပနိုင်ငံသားများ လူကုန် ကူးခံနေရသည်။
အဆိုပါ ဒေသကို ကရင်နယ်ခြားစောင့်တပ်(BGF)နှင့် ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော်(DKBA)တို့ က ထိန်းချုပ်၍ တရုတ်လုပ်ငန်းရှင်များဖြင့် ပူးပေါင်း၍ အွန်လိုင်းလောင်းကစားလုပ်ငန်းများ၊ ကာစီနိုရုံများ လုပ်ကိုင်လျက်ရှိနေသည်။
မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်လုပ်ငန်းများ တည်ရှိရာဒေသများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO)များ ထိန်းချုပ်ထားသော ဒေသများဖြစ်ပြီး ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အခြေခံလိုအပ်ချက်ဖြစ် သည့် လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်လိုင်းများကို ပြည်ပနိုင်ငံများကနေ ရရှိနေခြင်းကြောင်း နစက-က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုင်းဝန်ကြီးချုပ်ပေတုန်တန်၊ ကျားဖြန့်လုပ်ငန်းလုပ်သူများနှင့် ရွှေကုက္ကိုလ်မြို့ရှိ ကျားဖြန့်လုပ်ငန်းကို ပြသထားစဉ်
ကျားဖြန့်လုပ်ငန်းများသည် ရှမ်းပြည်နယ်အတွင်းရှိ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ထိန်းချုပ် နယ်မြေများနှင့် အမျိုးသားဒီမိုက ရက်တစ်မဟာမိတ်တပ်မတော်-မိုင်းလား(NDAA) ထိန်းချုပ်နယ်မြေများ အပါအ ဝင် ကိုးကန့်နယ်ခြားစောင့်တပ်ဖွဲ့များ ထိန်းချုပ်သည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်လည်း ရှိကြ သည်။
အဆိုပါ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို ၂၀၁၅ ခုနှစ် ခန့်မှစ၍ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီး ယားနိုင်ငံတို့တွင် လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်း၌ မြန်မာနိုင်ငံသို့ ရောက်ရှိလုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။
UWSA နယ်မြေထဲက ကျားဖြန့်လုပ်ငန်း လုပ်နေသူတွေကို တရုတ်နိုင်ငံသို့ မြန်မာက လွှဲပြောင်းပေးစဉ်
ထို့နောက် နစကသည် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ ကျူးလွန်နေကြသည့် ပြည်ပနိုင်ငံ သားများအား စိ စစ်ဖော်ထုတ်ခဲ့ရာ နယ်စပ်ဒေသများဖြစ်သည့် လောက်ကိုင်၊ မူဆယ်၊ တာချီလိတ်၊ မြဝတီမြို့များ အပါအဝင် အခြား နယ်စပ်ဒေသများမှ ဖော်ထုတ်ရရှိသည့် တရားမဝင် ဝင်ရောက်နေသူ စုစုပေါင်း ၅၅၇၁၁ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လွှဲပြောင်းပေးပို့မှုများမှာ နစကသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်အထိ တရုတ်နိုင်ငံသို့ ၅၃၃၈၈ ဦး၊ ထိုင်းနိုင်ငံသို့ ၆၄၈ ဦး၊ ကိုရီးယားနိုင်ငံသို့ ၂၀ ဦး၊ လာအိုနိုင်ငံသို့ ၂၂ ဦး၊ ဗီယက်နမ်နိုင်ငံသို့ ၁၁၄၉ ဦး၊ ဖိလစ်ပိုင်နိုင်ငံ သို့ ၁၉ ဦး၊ မလေးရှားနိုင်ငံသို့ ၁၄၂ ဦး၊ ထိုင်ဝမ်သို့ ၂၁ ဦး၊ စင်္ကာပူ နိုင်ငံသို့ ၂ ဦး၊ ပိုလန်နိုင်ငံသို့ ၁ ဦး၊ စပိန်နိုင်ငံသို့ ၁ ဦး၊ ရုရှားနိုင်ငံသို့ ၁၃ ဦး၊ အင်ဒိုနီးရှားနိုင်ငံသို့ ၃၈ ဦး၊ ယူဂန်ဒါနိုင်ငံ သို့ ၃ ဦး၊ အီဂျစ်နိုင်ငံသို့ ၂ ဦး၊ ကမ္ဘောဒီးယားနိုင်ငံ သို့ ၃ ဦး၊ အိန္ဒိယနိုင်ငံသို့ ၉၆ ဦး၊ မော်ရိုကိုနိုင်ငံသို့ ၃ ဦး၊ မြောက်အိုင်ယာလန်နိုင်ငံသို့ ၂ ဦး၊ ကာဇက်စတန်နိုင်ငံသို့ ၁ ဦး၊ ကင်ညာနိုင်ငံသို့ ၂ ဦး၊ သီရိလင်္ကာနိုင်ငံသို့ ၆၀ ဦး၊ တောင်အာဖရိကနိုင်ငံသို့ ၁ ဦး၊ ဟောင်ကောင်သို့ ၁ ဦး၊ ဆီရီ ယာလီယွန်နိုင်ငံသို့ ၂ ဦး၊ ဂါနာနိုင်ငံသို့ ၁ ဦး၊ ဘူရွန်ဒီ နိုင်ငံသို့ ၁ ဦး၊ တာ့ခ်မင်နစ္စတန်နိုင်ငံသို့ ၁ ဦး စုစုပေါင်း ၅၅၇၁၁ ဦးဖြစ်သည်။