CNI International News

ဆိုးလ်၊ ဇန်နဝါရီ ၂၂

မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် ဖျက်သိမ်းရေးကို ရည်မှန်းချက် တစ်ခုအဖြစ် ဆက်လက် လုပ်ဆောင်ရမည်ဟု တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့ သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က မြောက်ကိုရီးယားကို နျူကလီးယားအင်အားကြီးနိုင်ငံဟု သုံးနှုန်းပြောဆိုခဲ့ပြီးနောက် တောင်ကိုရီးယား၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထရမ့်၏ ပထမသက်တမ်း ကုန်ဆုံးသွားသည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် နျူကလီးယားလက်နက်အင်အားကို မြှင့်တင်ခဲ့ပြီး အမေရိကန်၏ ကုန်းမြေအထိ ရောက်ရှိ နိုင်ခြေရှိသည့် ဒုံးကျည်များ အပါအဝင် လက်နက်စမ်းသပ်မှုများကို အရှိန်မြှင့်တင်ခဲ့သည်။

ထရမ့်သည် ၎င်း၏ ပထမသက်တမ်းကာလက ကုလသမဂ္ဂ၏ ပိတ်ဆို့မှုကို ခံထားရသည့် မြောက်ကိုရီးယား၏ လက်နက် စီမံကိန်းများနှင့်ပတ်သက်ပြီး ဆွေးနွေးရန် ကင်မ်နှင့် ၃ ကြိမ် တွေ့ဆုံခဲ့သည်။

ဇန်နဝါရီ ၂၀ ရက်ကလည်း ထရမ့်က သူနှင့် ကင်မ်တို့အကြား အတိတ်ကာလက ဆက်ဆံရေးများသည် ကောင်းမွန်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ကင်မ်ဂျုံအန်နဲ့ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

“အခုဆိုရင် သူဟာ နျူကလီးယားအင်အား ပိုပိုင်ဆိုင်လာပါပြီ။ ကျနော် နောက်တစ်ကြိမ် သမ္မတဖြစ်လာတာကို သူ ပျော်နေလိမ့်မယ်လို့ ကျနော်ထင်ပါတယ်”ဟု ထရမ့်က သမ္မတအုပ်ချုပ်ရေး အမိန့်များကို လက်မှတ်ရေးထိုးချိန် အတွင်း ပြောကြားခဲ့သည်။

ထရန့်၏ ကာကွယ်ရေးဝန်ကြီးအဖြစ် အဆိုပြုခံထားရသည့် ပိဟက်ဆက် (Pete Hegseth)ကလည်း ပြီးခဲ့သည့် သီတင်းပတ်က လွှတ်တော်တွင် ကြားနာစစ်ဆေးမှု ခံယူချိန်အတွင်း မြောက်ကိုရီးယားကို နျူကလီးယား အင်အား ကြီးနိုင်ငံအဖြစ် သုံးနှုန်းပြောဆိုခဲ့သည်။

ထရမ့်နှင့် ဟက်ဆက်တို့သည် နျူကလီးယား အင်အားကြီးနိုင်ငံဆိုသည့် စကားလုံးကို မည်သည့် အဓိပ္ပာယ်ဖြင့် ပြောဆိုမှန်းကို ရှင်းလင်းစွာ မသိရသော်လည်း ယခင်က အမေရိကန်အရာရှိများသည် မြောက်ကိုရီးယားကို နျူကလီးယားလက်နက် ပိုင်ဆိုင်သည့်နိုင်ငံအဖြစ် အသိအမှတ်ပြုသည့် စကားလုံးများကို သုံးစွဲခဲ့ခြင်းမရှိပေ။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ထရမ့်၏ အစိုးရအဖွဲ့က မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်း တုန့်ပြန်ခဲ့ခြင်းမရှိပေ။

Source: ရိုက်တာ