CNI International News

ဆိုးလ်၊ အောက်တိုဘာ ၁၁

တောင်ကိုရီးယားနှင့် ထိစပ်နေသော နိုင်ငံတောင်ပိုင်းနယ်စပ်ကို အပြီးသတ် ပိတ်ပစ်ရန် စီစဉ်နေသည်ဟု မြောက်ကိုရီးယားစစ်တပ်က အောက်တိုဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း  Nikkei Asia မှ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားစစ်တပ်၏ ထုတ်ပြန်ချက်တွင် ကိုရီးယားနှစ်နိုင်ငံကြား ဆက်သွယ်ထားသည့် လမ်းများနှင့် မီးရထားလမ်းကြောင်းများကို ဖြတ်တောက်သွားမည်ဟုလည်း ဖော်ပြထားသည်။

မြောက်ကိုရီးယားက အောက်တိုဘာ ၉ ရက် ထုတ်ပြန်ချက်ကို အဓိကစစ်ရေး ခြေလှမ်းတစ်ရပ်အဖြစ် ဖော်ပြခဲ့ သော်လည်း ကျွမ်းကျင်သူတစ်ဦးကမူ ထိုအစီအစဉ်သည် ကာလကြာရှည် လုပ်ဆောင်နေသည့် လုပ်ငန်းစဉ် တစ်ရပ်ကို ဆက်လက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သုံးသပ်ထားသည်။

ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးသည် လတ်တလော နှစ်များအတွင်း အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိခဲ့ ပြီး မြောက်ကိုရီးယားအစိုးရသည် နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးကို ဆောင်ရွက်နေသည့် အေဂျင်စီများအား ပိတ်ပစ်သလို တောင်ကိုရီးယားကို ၎င်း၏အဓိကရန်သူအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။

မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား နယ်စပ်ကိုတွေ့ရစဉ်

မြောက်ကိုရီးယားက အောက်တိုဘာ ၈ ရက်တွင် ပြီးဆုံးခဲ့သည့် လွှတ်တော်အစည်းအဝေး၌ ၁၉၉၁ ခုနှစ်က ချုပ်ဆိုခဲ့သည့် ကိုရီးယားနှစ်နိုင်ငံကြား သဘောတူညီချက်တစ်ရပ်ကို ဖျက်သိမ်းပစ်ရန် ရည်ရွယ်ခဲ့သည်။

မြောက်ကိုရီးယားစစ်တပ်က ၎င်းတို့အနေဖြင့် တောင်ကိုရီးယားနှင့် ဆက်သွယ်ထားသော လမ်းများနှင့် မီးရထား လမ်းများကို အပြီးတိုင် ဖြတ်တောက်သွားကာ နယ်စပ်ရှိ ၎င်းတို့ဘက်ခြမ်းဒေသကို အင်အားခိုင်မာစေရန် ပြုလုပ် သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် မြောက်ကိုရီးယားက တောင်ပိုင်းနယ်စပ်ဒေသတွင် လုပ်ဆောင်မည့် ခံတပ်စီမံကိန်းနှင့်ပတ်သက်ပြီး နားလည်မှု မလွဲစေရန်နှင့် ပဋိပက္ခ မဖြစ်ပွားစေရန်အတွက် အမေရိကန်တပ်ဖွဲ့ထံ အောက်တိုဘာ ၉ ရက် နံနက်ခင်းတွင် တယ်လီဖုန်းဖြင့် ကြိုတင် သတင်းစကားပေးပို့ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုနယ်စပ်သည် ကမ္ဘာပေါ်တွင် စစ်အင်အား အထူထပ်ဆုံး နယ်စပ်များတွင် တစ်ခု အပါအဝင် ဖြစ်သော်လည်း သြဂုတ်လက နယ်စပ်ကိုဖြတ်ကျော်ကာ တောင်ကိုရီးယားသို့ ဝင်ရောက်မှုများကို ဟန့်တားနိုင်ခြင်းမရှိခဲ့ပေ။

မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း စစ်အင်အားထူထပ်သော နယ်စပ်တစ်လျှောက် မြေမြှုပ်မိုင်းများနှင့် အတားအဆီးများကို ချထားပြီး မြေလွတ်မြေရိုင်း နေရာတစ်ခုအဖြစ် ဖန်တီးထားကြောင်း တောင်ကိုရီးယား စစ်တပ်က ဇူလိုင်လတွင် ပြောကြားခဲ့သည်။

Source-Nikkei Asia