CNI International News

ပြုံယမ်း၊ ဖေဖော်ဝါရီ ၉

ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးများ ယိုယွင်းနေချိန်တွင် မြောက်ကိုရီးယား လွှတ်တော်က တောင်ကိုရီးယားနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အားလုံးကို စွန့်လွှတ်ရန် မဲပေး အတည်ပြုခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။ 

ပြီးခဲ့သည့််လက မြောက်ကိုရီးယားသည် တောင်ကိုရီးယားကို ၎င်း၏ အဓိကရန်သူအဖြစ် ကြေညာခြင်း၊ ပြန်လည် ပေါင်းစည်းရေး အေဂျင်စီများနှင့် အဆက်အသွယ်ဖြတ်ခြင်း၊ စစ်ပွဲအတွင်း တောင်ကိုရီးယားကို သိမ်းပိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ၏ မူဝါဒများအတွက် တရားဝင် အစီအစဉ်များ ချမှတ်လုပ်ဆောင် ရသည့် အမြင့်ဆုံး ပြည်သူ့လွှတ်တော်သည် ဖေဖော်ဝါရီ ၇ ရက်က ကိုရီးယားနှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့်ပတ်သက်သည့် ဥပဒေကို ပယ်ဖျက်ရန် မဲပေးခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၈ ရက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားက ၎င်း၏ လက်နက်ထုတ်လုပ်ရေး စီမံကိန်းများကို အရှိန်မြှင့်တင်ခြင်း၊ တောင်ကိုရီးယားက အမေရိကန်၊ ဂျပန်တို့နှင့် စစ်ရေးပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ခြင်းတို့ကြောင့် ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးများသည် မတိုးသာ၊ မဆုတ်သာ အခြေအနေသို့  ရောက်ရှိနေသည်။ 

မြောက်ကိုရီးယား လွှတ်တော်သည် ၂၀၀၀ ပြည့်နှစ် အစောပိုင်းက စတင်ခဲ့သည့်် ကိုရီးယားနှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတတစ်ခုဖြစ်ပြီး ခရီးသွားများကို ဖိတ်ခေါ်သော Mount Kumgang ခရီးသွားလာရေး စီမံကိန်းနှင့် ပတ်သက်သည့် ဥပဒေများကိုလည်း ဖျက်သိမ်းခဲ့သည်။ 

 မြောက်ကိုရီးယား စီးပွားရေးကော်မတီကို တွေ့ရစဉ်

၂၀၀၈ ခုနှစ်က ထိုခရီးသွားလာရေး နေရာတွင် ကန့်သတ်တားမြစ်ထားသည့် နေရာအတွင်းသို့ ဝင်ရောက်ခဲ့သော တောင်ကိုရီးယား ခရီးသွားတစ်ဦးကို မြောက်ကိုရီးယားအစောင့်များက ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးကတည်းက ထိုစီမံကိန်းသည် ရပ်ဆိုင်းခဲ့သည်။

Mount Kumgang အပန်းဖြေစခန်းသည် တစ်ချိန်က ကိုရီးယားနှစ်နိုင်ငံအကြား အကြီးဆုံး စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများဖြစ်ပြီး ထိုစီမံကိန်းအောင်မြင်မှု အရှိဆုံးအချိန်ကာလက ထိုအပန်းဖြေစခန်းအနီးရှိ ကေဆောင် (Kaesong) စက်မှုဇုန်တွင် တောင်ကိုရီးယားကုမ္ပဏီပေါင်း ၁၂၅ ခုရှိကာ မြောက်ကိုရီးယားဝန်ထမ်း ၅၅၀၀၀ ခန့် ခန့်အပ်ထားသည်။

သို့သော် ၂၀၁၆ ခုနှစ်က မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုနှင့် ဒုံးပျံပစ်လွှတ်မှုကို တုန့်ပြန်သည့်အနေ ဖြင့် တောင်ကိုရီးယားသည် ထိုကုမ္ပဏီများကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ကေဆောင် စက်မှုဇုန်သည် မြောက်ကိုရီးယား၏ လက်နက်စီမံကိန်းများအတွက် ရန်ပုံငွေထောက်ပံ့ပေးရာ ရောက်နေသည်ဟု ပြောကြားခဲ့ သည်။

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ (Yoon Suk Yeol) ကမူ မြောက်ကိုရီးယားလွှတ်တော်၏ ဆုံးဖြတ်ချက်သည် သာမန်ထက်လွန်ကဲသည့် ပြောင်းလဲမှုတစ်ခုဖြစ်ကြောင်း၊ သို့သော် မြောက်ကိုရီးယား၏ သဘောထားကို နားလည် ရခက်ခဲကြောင်း ဖေဖော်ဝါရီ ၇ ရက်က ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား