CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉

ထိုင်းတွင် အလုပ်အကိုင် အခွင့်အလမ်းများ ယခုထက်ပိုမို ပေါများလာမည်ဖြစ်သောကြောင့် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် လိုအပ်သည့် အရည်အချင်း၊ အထောက်အထားများအား ကြိုတင်ပြင်ဆင်ထားကြရန် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းများထဲတွင် ခရီးသွားလုပ်ငန်းသည် ထိပ်ဆုံးမှပါဝင်နေသဖြင့် ခရီးသွား ကဏ္ဍအား ယခုထက် ပိုမိုဦးစားပေးဆောင်ရွက်သွားရန်အတွက် ဖန်ငါ နိုင်ငံတကာလေဆိပ်သစ်အား ၂၀၃၁ ခုနှစ်တွင် အပြီးသတ် ဖွင့်လှစ်နိုင်မည့် စီမံကိန်းတစ်ခုကို ထိုင်းအစိုးရမှ ပြင်ဆင်နေသည်။

ထို့ကြောင့် ထိုင်းတွင် ဟိုတယ်နှင့်ဝန်ဆောင်မှုလုပ်ငန်းများသာမက ဆောက်လုပ်ရေးလုပ်ငန်းများတွင်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ပေါများလာမည်ဖြစ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

 “သူက ဆက်စပ်နေတာပေါ့။ လေဆိပ်အသစ်ကို ဆောက်တယ်ဆိုတာက ဒီမှာ လူအင်အားနဲ့ ခရီးသွားလုပ်ငန်းကို မြှင့်ဖို့အတွက် လေယာဉ်တွေ အဝင်/အထွက် ပိုများလာမယ်။ ဒါကြောင့် ကြိုပြီးတော့ ပြင်တာပေါ့နော်။ ဖူးခက် လေဆိပ်တစ်ခုနဲ့ဆို ဒီဘက်မှာ မနိုင်ဘူး။ အရင်တုန်းက သုဝဏ္ဏဘူမိပေါ့ လေဆိပ်ကြီးဆိုရင်လည်း ခေါ်တာပဲလေ။ ဒါပေမယ့်ကိုယ်ကတော့ တကယ့်ကျွမ်းကျင်လုပ်သားနေရာမှာ ရချင်မှရမှာပေါ့။ ဒါပေမယ့် သူက ကျွမ်းကျင်တဲ့သူ ဆိုရင်လည်း ပေးကြပါတယ်။ ကိုယ့်ကိုခေါ်တဲ့ ကန်ထရိုက်အပေါ်ပဲ မူတည်တာပေါ့။ ဒါကြောင့်မို့လို့ ကိုယ်တွေ ကသာ အရည်အချင်းလေးရှိအောင်လုပ်ထားဖို့ ကျနော်တို့က အမြဲတမ်းလှုံ့ဆော်တာပေါ့။ တကယ်လို့ ကိုယ့်မှာ ဘာသာစကားလေး၊ ဧည့်ကြိုနဲ့ပတ်သက်တဲ့ဟာမျိုးတွေ အဲဒါမျိုးတွေကို ကိုယ်က ကျွမ်းကျွမ်းကျင်ကျင် ရှိထား တယ်ဆိုရင် ဘာပဲပြောပြောအလုပ်အကိုင်ရှာရတာ သူများထက်ပိုလွယ်တာပေါ့” ဟု ၎င်းက ပြောသည်။

အလုပ်တစ်ခုရရှိသည့်အပိုင်းတွင်လည်း ဘာသာစကားအပေါ်မူတည်ကာ ကွာခြားချက်ချက်များရှိပြီး အလုပ်ရှင် များမှ ဘာသာစကားမတတ်ကျွမ်းသည့်သူထက် တတ်ကျွမ်းသည့်သူကိုသာ ဦးစားပေးကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ထောက်ပြကြသည်။

ထို့ကြောင့် ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိမိ လုပ်ကိုင် နေသည့် နယ်ပယ်တွင် ကျွမ်းကျင်လုပ်သားအဆင့်သို့ရောက်ရှိပါက ကြုံရာကျပန်း အလုပ်လုပ်ကိုင်ရခြင်းထက် လုပ်ငန်းခွင်အား မိမိစိတ်ကြိုက်ရွေးချယ်ကာ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ၎င်းတို့က အကြံပြုသည်။

ဟိုတယ်ဝန်ထမ်းတစ်ဦး 

ထို့အပြင် မြန်မာနိုင်ငံ၌ ပြန်လည်ဖွံ့ဖြိုး တိုးတက်လာသည့်အခါတွင် နေရပ်ပြန်၍ ကိုယ်ပိုင်စီးပွားရေး ဆောင်ရွက်လိုပါက ၎င်းတတ်မြောက်ခဲ့သည့် လုပ်ငန်းပညာရပ်များသည် အကျိုးပြုမှာဖြစ်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

“ဥပမာ ထိုင်းနိုင်ငံမှာ ဆောက်လုပ်ရေးဆောက်ရင် ဘယ်လိုဆောက်လဲ၊ ကိုယ့်ဗမာပြည်မှာ ဆောက်လုပ်ရေး ဆောက်ရင် ဘယ်လို ဆောက်လဲ အဲဒါကအစ၊ စက်ရုံတည်ဆောက်မှုကအစ။ နောက်တစ်ခုက လုပ်ငန်းရှင်တွေ အနေနဲ့ စက်ရုံတွေ ထောင်တဲ့အခါကျရင် အထည်ချုပ်လုပ်ငန်းသည် အော်ဒါတွေကို ဘယ်လိုပုံစံမှာကြလဲ၊ သူတို့ အော်ဒါတွေကို ဘယ်နိုင်ငံက ရတာလဲ၊ သူတို့လုပ်ငန်းရှင်ဖြစ်အောင် ဘယ်လိုဖန်တီးကြတာလဲ သူ့နေရာနဲ့သူပေါ့။ တစ်ပိုင်းမှာ ကိုယ့်စားဝတ်နေရေးအတွက် ရုံးကန်နေသလို တစ်ပိုင်းမှာလည်း ကိုယ့်အတွက် အသက်မွေးဝမ်း ကြောင်းတွေကို တတ်မြောက်ထားမယ်ဆိုရင် တစ်ချိန်ချိန်မှာ မြန်မာနိုင်ငံကို ပြန်သွားတဲ့အခါကျရင် ဖွံဖြိုးတိုးတက် လာလို့ စီးပွားရေး တစ်ခုခု လုပ်စားမယ်ဆိုရင်လည်း ဒါတွေက ကိုယ့်အတွက် တစ်ချိန်ချိန်မှာ အကျိုးပြုလာမှာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား သန်းနှင့်ချီရှိသော်လည်း အများစုသည် အောက်ခြေ အလုပ်အကိုင် များကိုသာ အဓိက လုပ်ကိုင်နေကြရခြင်းဖြစ်သည်။

ထို့ကြောင့်  ရေရှည်တွင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါများလာနိုင်သောကြောင့် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် အထောက်အထား ပြည့်စုံစွာရှိထားကြရန် အဓိက လိုအပ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက အကြံပြုသည်။