CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈

လက်ရှိ ထောပတ်သီးရာသီတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ပြည်ပသို့ တင်ပို့ရာမှာ အခက်အခဲ ရှိနေပြီး ထိုင်းနိုင်ငံတစ်ခုတည်းသာ တင်ပို့နိုင်သည်ဟု မြန်မာနိုင်ငံထောပတ်သီးအသင်းထံမှ သိရသည်။

ထိုင်းနိုင်ငံကို နယ်စပ်လမ်းကြောင်းဖြင့် တင်ပို့လျက်ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ထောပတ်သီး တင်ပို့သည့် ကုန်သည်များ အရှုံးနှင့် ရင်ဆိုင်ခဲ့ကြရသလို တောင်သူများလည်း ဈေးကောင်းမရရှိ ခဲ့ကြောင်း မြန်မာနိုင်ငံထောပတ်သီး တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ကိုကျော်စိုးမင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ ထောပတ်သီးကျတော့ ဈေးကောင်းကောင်း၊ မကောင်းကောင်း ပို့ရမှာပဲလေ။ သူက ကုန်စိမ်း ဆိုတော့ ထားလို့မရဘူး။ ကော်ဖီကျတော့ သူက ထားလို့ရတယ်။ ဒီနှစ်မကောင်းရင် နောက်နှစ်ထားလို့ရတဲ့ အတွက် ကျနော်တို့ကျတော့ ဈေးမကောင်းလည်း ကျနော်တို့ ပို့ပြီး ရောင်းရတာပဲပေါ့။ အခု ဒီနှစ်ကတော့ ကျနော် တို့ ဘယ်မှ မပို့ဖြစ်ဘူး။ ထိုင်းတစ်မျိုးပဲ ပို့ဖြစ်တယ်ဗျ။ နယ်စပ်လမ်းကြောင်းတစ်မျိုးပဲ ရှိတယ်ဗျ။ လမ်းပန်း ဆက်သွယ်ရေး မဖြောင့်ဖြူးတဲ့အတွက် ကျနော်တို့ ထိုင်းဘက်က ဝယ်တဲ့ကုန်သည်တွေ ရှုူံးတယ်။ ရှုံးတော့ သူတို့ က တောင်သူတွေကို ဈေးကောင်းကောင်း မပေးဘူးပေါ့ အဲဒီလို သံသရာလည်သွားတယ်ဗျ။ ဒီနှစ်ကတော့ အကြမ်းဖျဉ်းပဲ ကျနော်တို့ ပြောလို့ရမယ်။ ဒေသထောပတ်သီးရော၊ Hass ထောပတ်သီးရော တန်ချိန် ၂၅၀၀ လောက်တော့ မှန်းထားပါတယ်ဗျ” ဟု ပြောသည်။

မြန်မာပြည်မှ ထွက်ရှိသည့် ထောပတ်သီးကို တရုတ်၊ ထိုင်း၊ မလေးရှား၊ ယူအေအီး၊ စင်ကာပူ၊ အိန္ဒိယနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ကို နှစ်စဉ်တင်ပို့လေ့ရှိသော်လည်း ယခုနှစ်တွင် ထိုင်းနိုင်ငံတစ်ခုတည်းသာ တင်ပို့နိုင်သည်။

ဒါ့အပြင် မြန်မာနိုင်ငံက ထောပတ်သီးတန်ချိန် ၁၀၀၀ ကို ဝယ်ယူဖို့ အိန္ဒိယက ဇူလိုင်လမှာ ကမ်းလှမ်းခဲ့သော်လည်း လက်ရှိတွင် နယ်စပ်လမ်းကြောင်းနှင့် ပင်လယ်ရေကြောင်း အဆင်မပြေခြင်းကြောင့် တင်ပို့နိုင်ခြင်း မရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင်လည်း လမ်းကြောင်းအခက်အခဲများကြောင့် ကုန်သည်များမှာ ဝယ်ယူမှု နောက်ကျ ခဲ့ခြင်းကြောင့် တောင်သူများ စိုက်ပျိုးထားသည့် ထောပတ်သီးများသည် အမှည့်လွန်ခြင်းများ ဖြစ်ပေါ်ခဲ့မှုများလည်း ရှိခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် ထောပတ်သီး တစ်ကီလိုလျှင် ငွေကျပ် ၈၀၀၀ အထိ ဈေးကောင်းရရှိခဲ့သော်လည်း ယခုနှစ်တွင် ၅၀၀၀ ကျပ်သာ အမြင့်ဆုံး ရရှိခဲ့သည်ဟု ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျောက်တလုံးမြို့နယ်မှ ထောပတ်အသင်း ဥက္ကဋ္ဌ ခွန်အာကာက CNI သတင်းဌာနသို့ ပြောသည်။

“ဒီနှစ်ကျ တောင်သူက အမျိုးမျိုး ရှိတာပေါ့နော်။ အစောပိုင်းကျတော့ ပစ္စည်းပေါ်မှာ မူတည်တာပေါ့။ ပစ္စည်း ကောင်းရင်တော့ ၃၀၀၀၊ ၄၀၀၀။ ပစ္စည်းမကောင်းရင်တော့ ၁၀၀၀ လည်းရှိတယ်၊ ၁၅၀၀ လည်း ရှိတယ်။ နောက်ပြီးတော့ အဝယ်သမားက လမ်းကပိတ်တဲ့အခါကျတော့ နည်းနည်းလေး နှောင့်နှေးသွားတော့ အသီးတွေ ကြွေတာများတယ် ဒီနှစ်။ အရင်တုန်းကတော့ တစ်ကီလို ၄၀၀၀၊ ၅၀၀၀၊ ၆၀၀၀၊ ၈၀၀၀ ရောက်တယ်။ အခု ကျတော့ အစောပိုင်းကျတော့ နည်းနည်းလောက်ပဲ။ အခုနောက်ပိုင်း ရှားတဲ့အချိန်ကျမှ နည်းနည်း အကျန်သီး တွေတော့ ဈေးပြန်တက်ပါတယ်။ ဒါပေမယ့် အလယ်မှာ အများဆုံးထွက်တဲ့အချိန်ကျတော့ ဈေးမရှိဘူးပေါ့။ အမြင့်ဆုံးရတဲ့ဈေးက ၅၀၀၀ ပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ထောပတ်သီးစိုက်ခင်းဧက ၂၅,၀၀၀ ရှိပြီး ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် စိုက်ပျိုးကြပြီး ပြီးခဲ့သည့် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံတွင် ထောပတ်သီးတန်ချိန် ၃,၀၀၀ အထိ ထွက်ရှိခဲ့သည်။