CNI News

၂၀၂၂ ခုနှစ်၊ မေ ၂၅

ထိုင်းနိုင်ငံတွင် အလုပ်သမား ပြတ်လပ်မှုမရှိစေရန်အတွက် မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ တရားမဝင် လုပ်ကိုင်နေသူများနှင့် တရားဝင်လုပ်ကိုင်နေသည့် အလုပ်သမားများအတွက် အချက်လေးချက်အား ပြင်ဆင်ရန် လုပ်ဆောင် နေကြောင်း သိရသည်။

ထိုအချက်လေးချက်မှာ ဗီဇာကြေးဖြေလျှော့ရန်၊ တရားမဝင် အလုပ်သမားများအတွက် မှတ်ပုံတင်ခြင်းအား ခွင့်ပြုရန်၊ အလုပ်လုပ်ကိုင်ခွင့် နှင့် MOU အလုပ်သမားများအား လေယာဉ်ဖြင့် လာရောက်နိုင်ရန် စသည်တို့ ဖြစ်ကြောင်း FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က CNI သတင်းဌာနသို့ ပြောသည်။

ဦးထူးချစ်က“အလုပ်သမားတွေအနေနဲ့က သိပ်သဘောမပေါက်ဘူး။ တချို့ကျတော့ visa ပဲ ရှိတယ်ဆိုရင် နေလို့ရပြီပေါ့လို့ ထင်တာ။ အမှန်က visa နဲ့ work permit နဲ့ သက်တမ်းခြင်း တူရမယ်။ ဒါကြောင့်မို့လို့ ကိုယ်က visa သက်တမ်းရှိပေမယ့် အလုပ်လုပ်ကိုင်ပိုင်ခွင့် လက်မှတ်ပေါ့နော်၊ သက်တမ်းကုန်တယ်ဆိုရင် အဲဒီ work permit ပါ သက်တမ်းတိုးတဲ့ ကိစ္စတွေ လုပ်ရမှာပါ။ ထိုင်းအစိုးရကလည်း ဒီမှာ တရားဝင် ခွင့်ပြုချက်တွေနဲ့ လျှော့ပေါ့မှုတွေ လုပ်ပေးနေတယ်ဆိုတော့ အလုပ်သမား တွေ အနေနဲ့ တရားမဝင် ခိုးဝင်မှုကတော့ လျော့ပါး သွားနိုင်တယ်ပေါ့နော်။ အဲဒီ ရည်ရွယ်ချက်နဲ့လည်း ထိုင်းအစိုးရ ဒါတွေ လုပ်ပေးနေတယ်လို့ နားလည်တယ်။ ဆိုလိုချင်တာက ရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံထဲ ဝင်ရောက်တဲ့အခါမှာ ခါတိုင်းထက် လွယ်လင့်တကူ အထောက်ထား လုပ်လို့ ရအောင်ရယ်၊ နောက် ဈေးနှုန်း ကုန်ကျစရိတ် သက်သာအောင်ရယ် တော့ သူတို့ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေတာတော့ တွေ့ရတယ်။ ဒါပေမယ့် မြန်မာအလုပ်သမားတွေ ဆီကနေ ခေါင်းပုံ ဖြတ်တဲ့ ပွဲစားတွေကတော့ ရှိနေဦးမှာပဲ။ အဲဒါဆိုရင်တော့ အလုပ်သမားတွေက ဈေးနှုန်း ပိုပေးနေရဦးမှာပဲ” ဟု ပြောသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန အနေဖြင့် ယခင် ဗီဇာကြေး ဘတ် ၂၀၀၀ မှ ဘတ် ၅၀၀ အထိ လျှော့ချရန် မူကြမ်း ရေးဆွဲနေကြောင်း သိရသည်။
ထို့အပြင် တရားမဝင် အလုပ်သမားများအတွက် မှတ်ပုံတင်ခြင်းကို ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ ဇွန်လတွင် အဆိုပါ ကိစ္စအား အကောင်အထည် ဖော်နိုင်ဖွယ်ရှိကြောင်း၊ ထိုထဲတွင် လက်ရှိ ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမား ခွင့်ပြုချက် သက်တမ်းကုန် နေသည့် အလုပ်သမားများနှင့် အလုပ်သမားခွင့်ပြုချက် မရှိဘဲ အလုပ်လုပ် ကိုင်နေသည့် အလုပ်သမားများ အကျုံးဝင်မှာ ဖြစ် ကြောင်း၊ အသစ်ရောက်လာမည့် အလုပ်သမားများအတွက် အကျုံးမဝင်ကြောင်း သိရသည်။

ထိုင်း၊ မြန်မာ ချစ်ကြည်ရေး အလံများ

အဆိုပါ မှတ်ပုံတင်ခြင်းအား အလုပ်ရှင်များက အွန်လိုင်းမှ တဆင့် လျှောက်ထားရမည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်း အလုပ်သမား စာရင်းများအား ထိုင်းအလုပ်သမား ဝန်ကြီးဌာနထံ စာရင်းတင်သွင်းရမှာ ဖြစ်ကြောင်း၊ ထိုအလုပ်သမားများသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ မတိုင်ခင်အထိ အလုပ်လုပ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထိုသတင်းသည် ထိုင်းသို့ရောက်ရှိနေသည့် တရားမဝင် မြန်မာအလုပ်သမားများအတွက် ကောင်းမွန်ကြာင်း မြန်မာရွှေ့ပြောင်း အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

ကိုသားကြီးက “ကျနော်တို့ နိုင်ငံသားတွေအတွက် တရားဝင် အထောက်ထား တစ်ခုရသွားမယ်။ အဲဒီတော့ အကျိုးရလဒ်က ဘာလဲဆိုတော့ တရားဝင် အထောက်ထား ရသွားပြီဆိုရင် ကျနော်တို့ဟာ လက်ရှိ အလုပ်လုပ်နေတဲ့ နေရာကနေ နောက် တစ်နေရာကို ပြောင်းလို့ရတဲ့ အခွင့်ရေးလည်း ပါလာရင် ပိုကောင်းတာပေါ့။ ဘာကြောင့်ဆို ထိုင်းမှာက အမြဲတမ်း ဖြစ်တယ်။ အထောက်ထားတော့ ထုတ်‌‌ပေးလိုက်တယ်။ သို့သော် ဒီအလုပ်ရှင်သူဌေးက ဥပဒေက သတ်မှတ်ထားတဲ့ လုပ်ခလစာ အတိုင်း မပေးဘဲနဲ့ အလုပ်သမား အခွင့်ရေး ချိုးဖောက်တဲ့ အခါကျရင် နောက်တစ်နေရာကို ပြောင်းဖို့ အခက်အခဲရှိတယ်။ နောက် တစ်နေရာကို လွယ်လင့်တကူ ပြောင်းလို့မရဘူး။ တရားဝင် မှတ်ပုံတင်ခွင့် ပေးတယ်ဆိုရင် ရွှေ့ပြောင်း အလုပ်သမား အားလုံး ပေါ့ လွယ်လင့်တကူ အလုပ်ရှင် သူဌေးပြောင်းလို့ရတဲ့ အခွင့်ရေးကိုပါ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးမယ်ဆိုရင် ပိုပြီးတော့ အကျိုးသက်ရောက်မှုရှိမယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။

ထိုင်းရောက် မြန်မာအလုပ်သမားများ

ထို့နောက် အလုပ်ရှင်မှ မှတ်ပုံတင်ပေးခြင်းနှင့် ကုန်ကျခံခြင်းကို ဆောင်ရွက်ပေးသော်လည်း အလုပ်ရှင် ကုန်ကျမည့် ကုန်ကျ စရိတ်မှာ နည်းပါးကြောင်း၊ အလုပ်သမားများဘက်မှ ပေးရသည့် ကုန်ကျစရိတ်မှာ များပြားကြောင်း၊ အလုပ်ရှင်ဘက်မှ ပေးခဲ့ သော်လည်း အလုပ်သမားများ၏ လစာထဲမှ ပြန်လည် ဖြတ်တောက် ခံရမည်ဖြစ်ကြောင်း FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

ထိုင်းအစိုးရ အနေဖြင့် အိမ်နီးချင်း နိုင်ငံများမှ MOU ဖြင့် လာရောက် လုပ်ကိုင်မည့် ရွှေ့ပြောင်း အလုပ်သမားများအား လေယာဥ်နှင့် လာရောက်နိုင်ရန် စီစဉ်နေကြောင်း၊ ဒွန်မောင်းနှင့် သုဝဏ္ဏဘူမိ လေဆိပ်တို့တွင် ဆိုက်ရောက်စင်တာများ ထပ်မံ တိုးချဲ့ရန်လည်း လုပ်ဆောင်နေကြောင်း သိရသည်။