CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၅

ထိုင်းတွင် သက်တမ်းကုန်မည့် မြန်မာ ၂ သန်းကျော်အား ထိုင်းနိုင်ငံအတွင်း သက်တမ်းတိုးခွင့်မပေးတော့ဘဲ နယ်စပ်များသို့ပြန်ကာ သက်တမ်းတိုးလုပ်ငန်းများ ဆောင်ရွက်ရန် ထိုင်းအစိုးရအဖွဲ့မှ လုပ်ဆောင်နေကြောင်း သိရသည်။

သို့သော် မြန်မာ ၂ သန်းကျော်အား နယ်စပ်သို့ ပြန်၍ သက်တမ်းတိုးခိုင်းသည့်အခါတွင် အစုလိုက် အပြုံလိုက် သွားရောက်လုပ်ဆောင်ပါက လုပ်ငန်းခွင်အတွက် ကြန့်ကြာမှုများ ရှိနိုင်သဖြင့် ထိုင်းအလုပ်ရှင်များမှလည်း သဘောမတူကြောင်း သိရသည်။

လက်ရှိတွင် နောက်ဆုံးအခြေအနေကို မသိရှိရသေးသော်လည်း နယ်စပ်များသို့ ပြန်၍ သက်တမ်းတိုးခိုင်းခြင်း အစား ထိုင်းနိုင်ငံထဲတွင်သာ ယခင်ကဲ့သို့ သက်တမ်းတိုးခြင်းများ ပြုလုပ်ပေးမည်ဆိုပါက ပို၍ ကောင်းမွန်မည် ဖြစ်ကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

သက်တမ်းတိုးဆောင်ရွက်ရန်အတွက် တန်းစီစောင့်ဆိုင်းနေစဉ်

“လုပ်ဆောင်မှုတွေအားလုံးကတော့ သက်ဆိုင်ရာစေလွှတ်ရာနိုင်ငံနဲ့ ဆိုက်ရောက်ရာနိုင်ငံအားလုံးက ညှိနှိုင်းပြီး လုပ်ကြတာပါ။ အဲဒီတော့ တစ်ဖက်တည်းတော့ မဟုတ်ပါဘူး။ နှစ်ဖက်ရဲ့စကားတွေကြောင့် ဒီလိုဖြစ်လာတာလို့ သုံးသပ်လို့ရပါတယ်။ ဒီနိုင်ငံထဲမှာ လွယ်လွယ်လေးပဲ အခုပဲ ချက်ချင်းကားလေးနဲ့ခေါ်သွားပြီး ရုံးထဲမှာ visa ထု တာတို့၊ သက်တမ်းတိုးတာတို့ တအားလွယ်နေတဲ့ ကိစ္စကို မိုင်ထောင်ချီတဲ့ ခရီးတွေသွားပြီးမှ လုပ်ရမယ်ဆိုတော့ ပိုကြန့်ကြာနိုင်တယ်။ ဒါကြောင့် မူလ ၁၀ စုနှစ်နဲ့ချီပြီး ထိုင်းနိုင်ငံအတွင်းမှာ ပြုလုပ်ပေးနေတဲ့ အစဉ်အလာကို ဆက်လက်လုပ်ကိုင်ပေးပါလို့ အလုပ်သမားအရေး ဆောင်ရွက်တဲ့အဖွဲ့အစည်းတွေရော၊ အဓိက ကတော့ အလုပ်ရှင်။ အလုပ်ရှင်က သူ့ရဲ့လုပ်ငန်းခွင်တွေ ပျက်ပြားတာကို သူမလိုချင်ဘူး။ ဒါကြောင့် သူတို့လည်း တောင်းဆို နေတဲ့ ပုံစံမျိုးတွေ့ရပါတယ်။ ဖြစ်သင့်တာနဲ့ လုပ်သင့်လုပ်ထိုက်တာကို အစိုးရအနေနဲ့ ရွေးချယ်လိမ့်မယ်လို့ မြင်ပါ တယ်” ဟု ၎င်းကပြောသည်။

နယ်စပ်ဒေသသို့ ပြန်၍ သက်တမ်းရသည့်အခါတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် ကုန်ကျစရိတ်မှာ ပိုမိုများပြားနိုင်ပြီး ၎င်းကုန်ကျစရိတ်အား အစိုးရ၊ အလုပ်ရှင် မည်သူမျှ ကျခံပေးမည် မဟုတ်ကြောင်း၊ ထို့အပြင် ပွဲစားများ၏ အခန်းကဏ္ဍများမှာလည်း ပါဝင်လာဦးမည်ဖြစ်ကြောင်း ထောက်ပြကြသည်။

ထို့ကြောင့် ကုန်ကျစရိတ်များကို ချိန်ထိုးကြည့်၍ သက်တမ်းတိုးခြင်းအစား ထိုင်းအစိုးရမှ ပြုလုပ်ပေးမည့် လူသစ်စာရင်းတင်ခြင်းကို ဆောင်ရွက်နိုင်ကြောင်း၊ ဆောင်ရွက်ရာတွင်လည်း အမည်အမျိုးမျိုးပြောင်းလဲ ခြင်းမပြုရန်လိုကြောင်း Arakan Workers Organization မှ ဒါရိုက်တာကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

အထည်ချုပ်လုပ်ငန်းတစ်ခုမြင်ကွင်း

“အဓိကကတော့ ကျနော်တို့အနေနဲ့ အကြံဉာဏ်ပေးချင်တာကတော့ ကိုယ်ကိုင်ဆောင်ထားတဲ့ စာအုပ်ကို ကိုယ်နားလည်ဖို့လိုတယ်။ နားလည်တဲ့အခါကြတော့ ကိုယ်ကိုင်ဆောင်ထားတဲ့ စာအုပ်ရဲ့ လုပ်ငန်းစဉ် process ကိုလည်း နားလည်ဖို့လိုတယ်။ အဲဒီ Process မှာ ပြန်ကြည့်ရမယ့်အကြောင်းတရားတွေက ကုန်ကျစရိတ်ကို ပြန် ချိန်ဖို့လိုတယ်။ ဥပမာ MOU ကို သက်တမ်းတိုးတဲ့အခါ ကုန်ကျစရိတ် ဘယ်လောက်ပဲရှိနိုင်လဲ၊ ကိုယ့်အတွက် အခက်အခဲတွေ ဘာတွေဖြစ်နေလဲ ဒါကို စဉ်းစားဖို့လိုတယ်။ အဲဒီလိုဆိုရင် ကိုယ့်အတွက် တစ်စုံတစ်ရာ အခက်အခဲရှိရင်တော့ တချို့ဆိုရင် CI လုပ်တဲ့အခါမှာ အိမ်ထောင်စုဇယားမရှိလို့ မလုပ်လိုက်ရတဲ့လူတွေရှိတယ်။ ဥပဒေအရ တစ်ခုခုငြိနေလို့ မလုပ်လိုက်ရတဲ့ အုပ်စုတွေရှိတယ်။ အစ္စလာမ်ဘာသာဝင်တွေရှိတယ်။ MOU တွေ ရှိတယ်။ ဒီအုပ်စုတွေအနေနဲ့ ကိုယ့်ဘာသာကိုယ် ချိန်ထိုးဖို့လိုတယ်။ အဲဒီလိုဆိုရင် အခက်အခဲရှိရင်တော့ ကျနော့် အနေနဲ့ အကြံဉာဏ်ပေးချင်တာက Name List မှာ ကိုယ့်ဘာသာကိုယ်တင်နိုင်ရင် ပိုကောင်းတယ်ပေါ့” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ နယ်စပ်ဒေသများသို့ ပြန်ကာ သက်တမ်းတိုးလုပ်ဆောင်ခိုင်းခြင်းသည် မြန်မာနိုင်ငံနှင့် ဆွေးနွေးသည့် အခါတွင် အခွန်နှင့်မိသားစုလွှဲပို့ငွေ ကိစ္စများကြောင့် ယခုကဲ့သို့ ထိုင်းဘက်မှ ဆုံးဖြတ်ခြင်း ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ကြသည်။

ထို သက်တမ်းကုန်မည့် ၂ သန်းကျော်ထဲတွင် နယ်စပ်သို့ ပြန်ကာ သက်တမ်းတိုးရန် အဆင်ပြေမည့်သူများ ရှိသကဲ့သို့ အဆင်မပြေသူများလည်း ရှိကာ၊ မြန်မာရွှေ့ပြောင်းအများစုသည် နယ်စပ်ဒေသများသို့ ပြန်၍ သက်တမ်း တိုးခြင်းအား မလုပ်ဆောင်ချင်ကြကြောင်းလည်း သိရသည်။