CNI News

၂၀၂၂ ခုနှစ်၊ မေလ ၄

ကိုဗစ်-၁၉ နှင့် နိုင်ငံရေး အခြေအနေများကြောင့် ပိတ်ထားသည်မှာ ၂ နှစ်ကျော်ရှိပြီဖြစ်သည့် ထိုင်း - မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားအား မေလ ၅ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်မည် ဖြစ်ကြောင်း မြဝတီ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မိမိတို့ထံသို့ အမှတ်(၁) တံတားအား ၅ ရက်နေ့ ပြန်ဖွင့်မည်ဟု ပြောထားကြောင်း မြဝတီအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်း လ.ဝ.က ဘက်မှ ၅ ရက်နေ့ ပြန်ဖွင့်ရန် မြန်မာဘက်သို့ ဆွေးနွေးထားကြောင်း၊ ထိုင်းဘက်က တံတား ပြန်လည် ဖွင့်လှစ် ရန်အတွက် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုသားကြီး က CNI သတင်းဌာနသို့ ပြောသည်။

ကိုသားကြီးက “ထိုင်း လ.ဝ.က အရာရှိ တစ်ယောက်ကလည်း ၅ ရက်နေ့ ဖွင့်ဖို့များတယ်ပေါ့။ မြန်မာဘက်ကိုလည်း အဲ့ဒီပုံစံအတိုင်း ဆွေးနွေးထားတယ်ပေါ့။ ၅ ရက်နေ့ ဖွင့်မယ်လို့တော့ ပြောတာပေါ့။ မြန်မာဘက်က အခြမ်းကိုတော့ အပြောင်းအလဲ တွေ ဖြစ်နိုင်တယ်။ သိပ်မယုံရဘူး။ ဖွင့်မဖွင့်တော့ မသိဘူး။ ထိုင်းဘက်ကတော့ မီးစိမ်းပြတယ်။ အဆင်သင့်ပဲ။ အားလုံး အဆင်သင့်ပဲ။ လုပ်ငန်းသုံးမယ့် စက်တွေကအစ အကုန်ပေါ့။ လူဝင်၊ လူထွက် အရင်လိုပေါ့။ စာအုပ်သော်လည်းကောင်း၊ border pass သော်လည်းကောင်း၊ ပတ်စပို့စ် သော်လည်းကောင်းပေါ့။ အကုန်လုံးအတွက် သူတို့ကတော့ အားလုံး အဆင်သင့် လုပ်ထားပြီးပြီ” ဟု ပြောသည်။

အမှတ်(၁) ချစ်ကြည်ရေးတံတား ဖွင့်နိုင်ရေး နှစ်နိုင်ငံဆွေးနွေး(မြဝတီ-မဲဆောက် မီဒီယာ)

လက်ရှိတွင် မေလ ၃ ရက်နေ့ နံနက်ပိုင်းက မြန်မာဘက်အခြမ်း၌ သန့်ရှင်းရေးများ ပြုလုပ်နေကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ သည့် နေရာများကိုလည်း ပြန်လည် ပြုပြင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ တံတားအား ၂၀၂၀ ခုနှစ်ကတည်းက ကိုဗစ်ကြောင့် ပိတ်ထားခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ကိုဗစ်ကူးစက်မှုများ လျော့ကျ သွားသည့်အတွက် ထိုင်းအာဏာပိုင်များက မြန်မာဘက်မှ တာဝန်ရှိသူများနှင့်ဆွေးနွေးပြီး ပြန်လည်ဖွင့်လှစ်ရန် လုပ်ဆောင် ခြင်းဖြစ်ကြောင်း၊ တံတားပြန်ဖွင့်ပါက အလုပ်သမားများအတွက် ရလဒ်ကောင်းများ ရလာမည်ဖြစ်ကြောင်း ကိုသားကြီးက ပြောသည်။

၎င်းက “နောက်တစ်ခု နယ်စပ်မှာ အလုပ်လုပ်နေတဲ့ သူတွေဟာ border pass လို့ခေါ်တဲ့ နယ်ခြား ဖြတ်သန်းခွင့် လက်မှတ် တွေနဲ့ ထိုင်းနိုင်ငံထဲကို တရားဝင် ဝင်လာပြီးတော့မှ အလုပ်လုပ်နိုင်တယ်။ မနက် လာအလုပ်လုပ် ညနေပြန်ပေ့ါ။ အဲဒီလို ပုံစံ တွေနဲ့ ဖြစ်နိုင်တယ်။ မြန်မာပြည်သူတွေအတွက် ပိုပြီးတော့မှ ရလဒ်ကောင်းတွေ ရလာနိုင်တဲ့ အနေထားတွေတော့ မြင်ရတယ်။ နောက်တစ်ခုက ထိုင်းထဲမှာက လုပ်သားလိုအပ်ချက်တွေ အရမ်းများတယ်။ အထူးသဖြင့်တော့ သူက အလုပ်သမား လိုချင်တာရယ်။ နောက် ဒီနယ်စပ်မြို့မှာရှိတဲ့ သူ့နိုင်ငံသား ကုန်သည်တွေပေါ့၊ စက်ရုံ၊ အလုပ်ရုံရဲ့ ဝင်ငွေတွေဟာ အရမ်း ကျ ဆင်းသွားတယ်။ သူတို့ဟာလည်း နယ်စပ်မြို့ဟာလည်း မြန်မာတွေကို အားကိုးရတာ ဖြစ်တဲ့အတွက် မြန်မာအလုပ်သမား လိုအပ်သလို၊ မြန်မာကုန်သည်တွေလည်း လိုအပ်တယ်”ဟု ပြောသည်။

မြန်မာဘက်ခြမ်းတွင် သန့်ရှင်းရေးလုပ်နေစဉ်

ထိုတံတားပြန်ဖွင့်ပါက ထိုင်းဘက်အခြမ်းတွင် လုံခြုံရေးအား ထိုင်းစစ်တပ်မှ တာဝန်ယူမည် ဖြစ်သော်လည်း မြန်မာဘက် အခြမ်း၌ လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်ရကြောင်း ကိုသားကြီးက ဆက်ပြောသည်။

ထို့အပြင် ထိုင်းအာဏာပိုင်များက MOU ဖြင့် ခေါ်ယူသည့် အလုပ်သမားများအား ကွာရန်တင်း ဝင်ရမည့် အချက်အား ပယ်ဖျက်လိုက်သဖြင့် မြန်မာအလုပ်သမားများအတွက် ကောင်းမွန်ကြောင်း၊ အလုပ်သမားဝန်ကြီးဌာန အနေဖြင့် ထိုင်းသို့ MOU ဖြင့် အလုပ်သမား စေလွှတ်ခြင်းကို မေလတွင် စေလွှတ်နိုင်ရန် လုပ်ဆောင်နေသည်။