CNI News

၂၀၂၂ ခုနှစ်၊ မေ ၅

ပြည်တွင်းရွှေလိုအပ်ချက်ကြောင့် နိုင်ငံခြားမှ ‌ရွှေတင်သွင်းရမည်ဆိုသော်လည်း လက်တွေ့အကောင်အထည်ဖော်ရန် ခက်ခဲကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအုန်းမြိုင်က CNI သတင်းဌာနသို့ပြောသည်။

နိုင်ငံခြားမှ ရွှေတင်သွင်းခွင့်ရသည့်တိုင် ကုန်သွယ်ခွန်များကဲ့သို တခြားသော ပေးဆောင်ရမည့် အခွန်အခများ ‌ရှိနေသည့် အတွက် ယခုကိစ္စသည် ခက်ခဲခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဦးအုန်းမြိုင်က “နိုင်ငံတော်က ဘယ်လိုခွင့်ပြုမပြု ဒါကိုပဲ စဉ်စားရမှာပေါ့နော်။ တကယ်တမ်း ပြည်တွင်းမှာ ရွှေလိုအပ်ချက်တွေ ရှိနေတယ်ဆိုရင်တော့ သူတို့ ခွင့်ပြုပေးရင်တော့ ရနိုင်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက သွင်းတဲ့သူတွေကလည်းပဲ ကုန်သွယ် ခွန်တို့ ဘာတို့လေ ရှိနေမလား၊ အဲဒါမျိုးတွေနဲ့ တွက်လို့ရှိရင် သူတို့က ကိုက်မကိုက် တွက်ရအုံးမှာပေါ့။ ရွှေဆိုတာက သွင်းမယ် ဆိုလို့ရှိရင် ဒီအတိုင်းပဲ ကိုယ်က ဟိုမှာဝယ်ပြီး ကိုယ့်ဟာကိုယ် ယူလာလို့ရတဲ့ ကိစ္စမဟုတ်ဘူးလေ။ ဒါပေမယ့် တကယ် အကောင်အထည်ဖော်ဖို့ တကယ်ခက်မယ်လို့ ထင်ပါတယ်”ဟု ပြောသည်။

ယခင်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အခွန်အကောက် ရရှိထားသည့် ရွှေများကို ပြန်လည် ရောင်းချပေးမှုများရှိသော်လည်း ကိုဗစ်-၁၉ ဖြစ်ပွားသည့် အချိန်တွင် ရောင်းချမှု မရှိတော့ကြောင်းလည်း သိရသည်။

ထို့နောက် ယခုနှစ်၌ ရွှေဝယ်ယူ စုဆောင်းသူ များပြားလာခြင်းကြောင့် ပြည်တွင်း ရွှေဈေးကွက်အတွင်း ရွှေပြတ်လပ်မှု မရှိစေ ရန်အတွက် နိုင်ငံခြားမှ ရွှေတင်သွင်းရန် လုပ်ဆောင်ရခြင်း ဖြစ်သည်ဟုလည်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ဦးမျိုးမြင့်က ပြောသည်။

ဦးမျိုးမြင့်က “ခါတိုင်းနှစ်က ကျနော်တို့ဆီက ထွက်တဲ့ရွှေက ဝယ်မယ့်သူတောင် မရှိဘူး။ အခုမှ ကျနော်တို့ ပြည်တွင်းစားသုံး သူက အဝယ်လိုက်လာတဲ့ သဘောဖြစ်တယ်။ ကျနော်တို့ အခုနောက်ပိုင်းမှာ ဝယ်တဲ့သူတွေကလည်း ၇၅ ရာခိုင်နှုန်းက လာ ပြန် မရောင်းကြတော့ဘူး။ လုပ်သားပြည်သူတွေက အကုန်လုံး စုတဲ့သဘော ဖြစ်နေတယ်။ ၂၅ ရာခိုင်နှုန်းပဲ ဈေးကွက်ထဲမှာ ရွှေက ဝယ်ရောင်းတွေ လက်ထဲမှာ ရှိတယ်ပေါ့။ အဲတော့ ကျနော်တို့ ဈေးကစားတဲ့လူတွေ ဈေးမကစားနိုင်အောင် ကျနော်တို့ လုပ်တဲ့ သဘောပါပဲ”ဟု ပြောသည်။

ရွှေများကို နိုင်ငံခြားမှ တင်သွင်းသည့်အခါတွင် အခွန်ကင်းလွတ်ခွင့် ရှိထားသည့် နိုင်ငံများထံမှ တင်သွင်းရန် လုပ်ဆောင်နေ ခြင်းဖြစ်ကြောင်း၊ ၎င်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးမျိုးမြင့်က “ကျနော်တို့ Free Trade Area ပေါ့။ ကုန်သွယ်မှုမှ ကျနော်တို့ အာဆီယံ ၇ နိုင်ငံရယ်၊ ဂျပန်ရယ်၊ အိန္ဒိယရယ်က ကျနော်တို့ အခွန်လွတ်နယ်မြေ စာချုပ် ချုပ်ထားတယ်ပေါ့။ အဲဒီနိုင်ငံက သွင်းမယ်ဆိုရင်တော့ ကျနော်တို့အတွက် အခွန် မရှိ ဘူးပေါ့။ ကျန်တဲ့နိုင်ငံတွေက သက်ဆိုင်ရာ အခွန်ရှိတယ်လေ။ ကုန်သည် တစ်ဦးချင်း ကနေပြီးတော့ ကျနော်တို့ သွားကြမှာ။ ဆိုင်ဆိုလည်း တစ်ဆိုင်၊ ကုမ္ပဏီဆိုလည်း သူ့ဟာနဲ့သူ နိုင်သလောက် သွင်းပေါ့ဗျာ။ နိုင်သလောက် သွင်းပြီးတော့ သူ့ဟာသူ ၁၉၀၀ နဲ့ သူသွင်းတယ်ဆိုပါတော့ သူက ၂၀၀၀ ရမှ ရောင်းမယ်ဆိုရင် သူ့ဟာသူ ဈေးထိုင်စောင့်ပေါ့။ ၁၉၅၀ ရတဲ့ အချိန်ဆို လည်း ၁၉၅၀ ရမယ်ဆိုရင် ရောင်းပေါ့”ဟု ပြောသည်။

နိုင်ငံခြားမှ ရွှေတင်သွင်းမှုကို ဆောင်ရွက်နေသည့်အပြင် ဗဟိုဘဏ်မှ ရွှေကို ပြန်လည် ရောင်းချပေးရန် တင်ပြခြင်း၊ ရွှေတွင်း များနှင့် ချိတ်ဆက်၍ ရွှေသယ်ယူမှုများကို စီစဉ်ဆောင်ရွက်ခြင်းများ ညှိနှိုင်းနေကြောင်းလည်း သိရသည်။

ပြည်ပကနေ ရွှေတင်သွင်းရန် လုပ်ဆောင်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ပြည်ပ ရွှေတင်သွင်းသော်လည်း ပြည်တွင်း ရွှေဈေးကွက်သည် ကမ္ဘာ့ရွှေဈေးနှုန်းနှင့် တွက်ချက်ထားခြင်းကြောင့် ဈေးနှုန်း အပြောင်းအလဲ မရှိနိုင်ကြောင်း သိရသည်။