CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈

မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပြိုကွဲစေရေးအတွက် ပြည်ပနိုင်ငံ အချို့၏ ထောက်ပံ့မှုများနှင့် အစွန်းရောက်ပြည်ပြေးနိုင်ငံရေးသားများက ငြိမ်းချမ်းရေးကို မလိုလားသည့် တိုင်းရင်းသား လက်နက်ကိုင်အချို့နှင့် ပူးပေါင်းပြီး တိုက်ခိုက်မှုများ လုပ်ဆောင်နေဟု နစကဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသန်တန် အမှတ်စဉ်(၂၄) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောသွားခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ယနေ့ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပြိုကွဲစေရေးအတွက် ပြည်ပနိုင်ငံ အချို့၏ ထောက်ပံ့မှုများနှင့် အစွန်းရောက် ပြည်ပြေးနိုင်ငံရေးသားများက ငြိမ်းချမ်းရေးကို မလိုလားသည့် တိုင်းရင်းသား လက်နက်ကိုင်အချို့နှင့် ပူးပေါင်းပြီး အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်နေတယ်”ဟု ပြောသည်။ 

ထိုသို့ လုပ်ဆောင်သည့်နေရာတွင် ဆင်ခြင်တုံတရားမဲ့စွာ စစ်ဘက်နှင့် မသက်ဆိုင်သည့် ကျန်းမာရေး ကဏ္ဍကို လည်း ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေသည်ကို မြင်တွေ့ကြရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အထူးသဖြင့် နိုင်ငံတော် က ဥပဒေအရ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် PDF တို့သည် နိုင်ငံတော် ၏ ကျန်းမာရေး စောင့်ရှောက်မှုယန္တရား လည်ပတ်မှု ရပ်တန့်သွားစေရေးအတွက် ဆရာဝန်၊ သူနာပြုများ အပါအဝင် ကျန်းမာရေးဝန်ထမ်းများကို CDM ပြုလုပ်လာအောင် သွေးဆောင်ဖြား ယောင်းခြင်း၊ ဖိအားပေး အကြပ်ကိုင်ခြိမ်းခြောက်ခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

ယခုလို အကြမ်းဖက်မှုများ၊ ဗုံးခွဲတိုက်ခိုက်မှုများ၊ ကျန်းမာရေးကဏ္ဍများ ပျက်စီးသွားရခြင်းများ ဖြစ်ပေါ်လာမှု သည် တပ်မတော်က အရပ်သားအစိုးရကို ဖြုတ်ချလိုက်ခြင်းကြောင့် စတင်ဖြစ်ပေါ်လာသော အခြေအနေဖြစ် သည့်အတွက် တပ်မတော်မှာလည်း တာဝန်ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသူ ၁ သန်းကျော်ရှိသည်။

ထို့နောက် နေအိမ်နှင့် အဆောက်အဦများ မီးရှို့ဖျက်စီးခံရမှု သောင်းနှင့်ချီရှိသည်။