CNI Sport News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၁ 

ဂျူဗင်တပ်စ်အသင်းဟာ အီတလီအသင်း နည်းပြဟောင်း စပယ်လက်တီကို ဒီရာသီကုန်အထိ သူတို့ရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။ 

စပယ်လက်တီဟာ လာဇီယိုအသင်းကို အရေးနိမ့်ပြီးနောက် ထုတ်ပယ်ခြင်း ခံခဲ့ရတဲ့ နည်းပြ တူဒေါရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး ဂျူဗင်တပ်စ်အသင်း နည်းပြသစ်အဖြစ် တာဝန်ယူရမှာပါ။ 

တူဒေါဟာ ပြီးခဲ့တဲ့မတ်လက သီယာဂိုမော့တာရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး ဂျူဗင်တပ်စ်အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဂျူဗင်တပ်စ်အသင်းဟာ ပြိုင်ပွဲစုံ ၈ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာကြောင့် နည်းပြတူဒေါကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ 

စပယ်လက်တီဟာ အီတလီလက်ရွေးစင်အသင်းကို မကိုင်တွယ်မီ နာပိုလီအသင်းကို ၂၀၂၂-၂၃ ရာသီမှာ စီးရီးအေဖလား ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့ပါတယ်။ 

စပယ်လက်တီကို နည်းပြရာထူး ခန့်အပ်စဉ်

စပယ်လက်တီဟာ အီတလီအသင်းကို ယူရို ၂၀၂၄ ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိအောင် ကူညီပေးနိုင်ခဲ့ပေမယ့် အသင်းဟာ ၁၆ သင်းအဆင့်မှာ ဆွစ်ဇာလန်အသင်းကို အရေးနိမ့်ခဲ့ပါတယ်။ 

အီတလီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နော်ဝေအသင်းကို အရေးနိမ့်ခဲ့တာကြောင့် ဇွန်လမှာ စပယ်လက်တီဟာ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။ 

စပယ်လက်တီဟာ စီးရီးအေ ကလပ်တွေဖြစ်တဲ့ အင်တာမီလန်၊ ရိုးမားနဲ့ အူဒီးနီးစ်အသင်းတို့ကို ကိုင်တွယ်ခဲ့ပြီး ရုရှားကလပ် ဇင်းနစ်အသင်းကို အမှတ်ပေးဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ 

ဂျူဗင်တပ်စ်အသင်းဟာ စပယ်လက်တီကို နည်းပြသစ်အဖြစ် မခန့်အပ်မီ ဘရမ်ဘီလာကို ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့ပြီး သူဟာ အူဒီးနီးစ်အသင်းနဲ့ပွဲမှာ ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိအောင် ကိုင်တွယ်နိုင်ခဲ့တာပါ။ 

ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီစီးရီးအေပွဲစဉ် ၉ ပွဲ ကစားအပြီးမှာ အဆင့် ၁ နေရာက နာပိုလီအသင်းနဲ့ ၆ မှတ် အကွာ အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ၃ ပွဲကစားထားတာမှာ ၂ ပွဲသရေ၊ ၁ ပွဲရှုံးနဲ့ အဆင့် ၂၅ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ 

Source: BBC