CNI News

၂၀၂၂ ခုနှစ်၊ မေ ၇

ထိုင်းရှိ မြန်မာသံရုံးမှ သံအရာရှိများအနေဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူများနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ က ပြောသည်။

အလုပ်သမားများအား ပတ်စပို့သက်တမ်းတိုးခြင်းများဆောင်ရွက်ပေးရာတွင် စီးပွားရေးဆန်ဆန် လုပ်ဆောင်နေမှု များရှိကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

ကိုသားကြီးက “ပြန်လျှောက်တဲ့နေရာတွေမှာ အလွန်ပဲ ကြန့်ကြာမှုတွေရှိတယ်။ ကြန့်ကြာမှုတွေရှိတယ်ဆိုတာက သူတို့အနေနဲ့ အလုပ်မလုပ်တတ်တာလားတော့ ကျနော်လည်းမပြောတတ်ဘူး။ စနစ်တကျကိုမရှိဘူး။ ရုံးလုပ်ငန်း တစ်ခုဟာ ရုံးရဲ့ Procedure အတိုင်းမသွားဘဲနဲ့ အပြင်မှာ လူတွေ ဒီလိုမျိုးရာပေါင်းများစွာ တန်းစီပြီးတော့မှ ‌စောင့် ရတယ်။ နောက်ပြီးတော့ နောက်လာတဲ့လူ အရင်ရ၊ အရင်လာတဲ့လူ နောက်မှရ သူတို့ တိုကင်လို့ခေါ်တဲ့ ခယူ စနစ် တွေနဲ့ သွားတဲ့အခါကျတော့ သံရုံးက သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို တနည်းအားဖြင့် ပွဲစားတွေ ပေါ့။ ပွဲစားတွေကို ဒီခယူတွေကို ရောင်းပေးလိုက်တယ်။ ပွဲစားဆိုရင်လည်း ဒီသံရုံးကနေ အ‌ယောက် ၆၀ လောက် ပေးထားတယ်။ မလုပ်တတ်တာလား စီးပွားရေးအတွက် အကျိုးအမြတ်တစ်ခုပဲလားတော့ မပြောတတ်ဘူး”ဟု ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ပတ်စပို့သက်တမ်းတိုးရန်အတွက် ရပ်ဝေးများမှ လာရပြီး အချိန် ပေးရကာ ငွေကုန်ကြေးကျများကြောင်း သိရသည်။

ပတ်စပို့သက်တမ်းတိုးရာတွင် တိုကင်ယူထားသည့် ပွဲစားများအား ဘတ်ငွေ ၃၅၀၀၊ ၄၀၀၀ ခန့်(မြန်မာငွေ ၂ သိန်းကျော်) ပေး လိုက်ပါက တစ်ခါတည်းသွားလို့ရကြောင်း၊ လူကိုယ်တိုင်သွားရောက်ယူပါက တစ်ရက်ကြိုတင်ကာ သံရုံးရှေ့တွင် ညအိပ်စောင့်ဆိုင်းပြီး တန်းစီရကြောင်း ထိုင်းနိုင်ငံစက်ရုံတစ်ခုတွင်လုပ်ကိုင်သည့် ကိုမိုးလေးက CNI သတင်းဌာန သို့ ပြောသည်။

တိုကင်ရဖို့ရန် တန်းစီစောင့်ဆိုင်းရပြီး အဲ့ဒီနောက် ရက်ချိန်းပေးလိုက်ပြီး အဆိုပါ ရက်ချိန်းမရောက်ခင် တစ်ရက် ကြိုတင်၍ သွားရောက်ကာ ညအိပ် တန်းစီစောင့်ဆိုင်းရကြောင်း ၎င်းက ပြောသည်။

ကိုမိုးလေးက “သူတို့ချိန်းထားတာက ၈ လပိုင်းပေါ့နော်။ ကျနော့်စာအုပ်က ကုန်မှာက ၇ လပိုင်းထဲမှာ။ ဒီဟာတွေ လည်းကျနော်တို့သိချင်တာက တကယ်လို့ စာအုပ်ကကုန်သွားတဲ့အချိန်ဆို ထိုင်းနိုင်ငံမှာတစ်ခုရှိတာက ဗီဇာပေါ့နော်။ ဗီဇာသက်တမ်းကို တစ်ရက်ဆိုရင် ၅၀၀ ဖြတ်တယ်။ ဒီနေ့လိုမျိုးသွားတယ်။ ကိုယ့်ဘာသာသွားတာဆိုရင် သွားတာနဲ့မရဘူး။ သူတို့ရက်ချိန်းပေးတယ်။ ရက်ချိန်းပေးလိုက်ရင် မင်းဟာမင်း စာအုပ်ပဲသေသေ ဗီဇာပဲသေသေ သူတို့ဂရုမစိုက်ဘူး။ သူတို့ပေးတဲ့ရက်ချိန်းအတိုင်းသွားရမယ်။ အခက်အခဲကတော့ တော်တော်လေးကိုရှိတာပါ။ သက်တမ်းကုန်နေတဲ့အလုပ်သမားတွေကို လူကိုယ်တိုင်သွားယူတဲ့အချိန်ကျရင် ဒီနေ့လိုလုပ်မယ့်ဟာဆိုရင် မနက်ဖြန်ည ၉ နာရီလောက်ကတည်းက လမ်းဘေးမှာ သွားအိပ်စောင့်နေရတာမျိုးပေါ့။ ရှက်ဖို့လည်း ကောင်း တယ်။ တော်တော်လည်းဒုက္ခရောက်ကြတယ်။ ဘယ်လိုမျိုးလဲဆိုရင် သေးပေါက်တာတို့ အိမ်သာတက်တာတို့။ မိန်းကလေးတွေဆို ဒုက္ခတော်တော်ရောက်တယ်။ တချို့တွေဆို ဒီပတ်စပို့လုပ်ဖို့အတွက် ရက်မှန်ကြေးကို အဖြတ်ခံပြီးတော့ သွားကြတယ်”ဟု ပြောသည်။

မြန်မာသံရုံးအနေဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပေါ် စီးပွားရေးဆန်စွာဖြင့် ဂုတ်သွေးစုပ်နေကြောင်းနှင့် မြန်မာအလုပ်သမားအရေးနှင့်ပတ်သက်၍ အကူအညီများတောင်းခံရာတွင် ၉၀ ရာခိုင်နှုန်းခန့် အကူအညီမပေးနိုင် ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက ဆက်ပြောသည်။

“တစ်ယောက်ကိုဖုန်းဆက်ရင် ဖုန်းကိုင်ချင်ကိုင်တယ်၊ မကိုင်ချင်မကိုင်ဘူး။ ကိုင်ရင်လည်း ဟိုဘက်က လွှဲချတာနဲ့ ဒီဘက်ကိုတင်ပြမယ်ဆိုတာနဲ့ ဟိုမှာတကယ် ဒုက္ခရောက်တဲ့အလုပ်သမားက ဒုက္ခရောက်တယ်လေ။ သံအရာရှိ တွေကို ခန့်အပ်တာကတော့ Labour ဝန်ကြီးဌာနက ခန့်အပ်တာပဲ။ အလုပ်သမားဝန်ကြီးဌာနကလည်း လုပ်ငန်း လုပ်ဆောင်မှုတွေမှာ လက်ရှိအခြေအနေမှာ နည်းနည်းအာဏာရှင်ဆန်နေသေးတယ်။ ကိုယ့်ကိုပြည်သူတွေက ယုံကြည်လက်ခံမှုရရှိဖို့ဆိုရင် ပြည်သူတွေရဲ့လိုအပ်နေတဲ့ လိုအပ်ချက်တွေကို ထိရောက်တဲ့အကူညီတွေပေးဖို့ လိုအပ်တာပေါ့။ ထိုင်းနိုင်ငံဆိုင်ရာ သံရုံးကြီးဟာ မြန်မာပြည်သူတွေအတွက် ဘာမှအဓိပ္ပါယ်မရှိတဲ့ အဖွဲ့အစည်း ဖြစ်တယ်ဆိုတာကို သူ့ကို ခန့်အပ်လိုက်တဲ့ နိုင်ငံတော်အဆင့်နဲ့လူကြီးတွေ သိဖို့လိုအပ်ပါတယ်”ဟု ၎င်းက ပြော သည်။

ထို့ကြောင့် လက်ရှိ မြန်မာသံရုံးတွင်လုပ်ကိုင်နေသည့် ဝန်ထမ်းများ၊ သံအရာရှိများအား ပြောင်းလဲသင့်ပြီး မြန်မာ အလုပ်သမားများအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိသည့် သံအရာရှိများ၊ ဝန်ထမ်းများအား ခန့်အပ်သင့်ကြောင်း ကိုသားကြီးက ပြောသည်။