CNI News

၂၀၂၂ ခုနှစ်၊ မေလ ၉

မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းဈေးနှုန်းများ အဆမတန် မြင့်မားနေခြင်းနှင့်အတူ လက်ရှိတွင် ဓာတ်မြေဩဇာ တစ်အိတ်လျှင် တစ်သိန်း နီးပါး ရှိနေသည့်အတွက် ရခိုင်ပြည်နယ်၌ ယခုနှစ် စပါးစိုက်ပျိုးမှု ၂၅ ရာခိုင်နှုန်း လျော့ကျသွားနိုင်ကြောင်း ရခိုင်တောင်သူလယ်သမားများထံမှ သိရသည်။

ဓာတ်မြေဩဇာဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေခြင်းတို့ကြောင့် လယ်ယာငှားရမ်း လုပ်ကိုင်သူများနှင့် လယ် ပိုင်ရှင်များ ကိုယ်တိုင် စပါးစိုက်ပျိုးမှု လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူ ဦးအောင်ကျော်မြက CNI သတင်းဌာနသို့ ပြောသည်။

“လျော့ကျနိုင်တဲ့ အခြေအနေ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ အခုက ကျနော်တို့ ရခိုင်မှာက ဓာတ်မြေဩဇာ ယူရီယား တစ်အိတ်ကို ၁ သိန်းကျော်နေပြီလေ။ ပီဆူပါဆိုရင်လည်း ၁ သိန်းပတ်လည်လောက် ဖြစ်နေပြီ။ ဒီဇယ် ကလည်း တစ်ပီပါကို အများစုပေါ့ဗျာ ၆ သိန်း ပတ်လည်ကို ရောက်နေပြီဆိုတော့ ကျနော်တို့ဆီမှာက လယ်လုပ် ကြတာက ငှားပြီးတော့မှ လုပ်ကြတာ ရှိတယ်လေ။ သွင်းအားစုတွေက အဲလောက်ထိ မြင့်တက်သွားတယ် ဆိုလို့ ရှိရင် ကျနော်တို့ တွက်ခြေကိုက်မှာ မဟုတ်တဲ့အတွက်ကြောင့် တချို့ တချို့နေရာမှာဆိုလို့ရှိရင် လယ်တွေက ပိုင်ရှင်လည်း မလုပ်နိုင်ဘူး။ အငှားလုပ်မယ်ဆိုရင်လည်း လယ်ငှားပြီး လုပ်မယ့်သူတွေကလည်း အရင်းအနှီး များ တော့ မလုပ်နိုင်တဲ့အတွက်ကြောင့် ဒီအတိုင်း ဘာတစ်ခုမှလည်း ဝင်ကူမယ့်သူ မရှိဘူးဆိုတော့ ကျနော်တို့ ရခိုင် ဒေသမှာ လယ်တွေက စိုက်ပျိုးမှု အခြေအနေ လျော့ကျသွားနိုင်တယ်။ ကျနော်ရခိုင်မှာ လယ်ဧကက ၁၂ သိန်း လောက် ရှိတယ်။ အဒီအထဲကနေပြီးတော့ ကျနော်တို့ ၂၅ ရာခိုင်နှုန်းလောက် လျော့ကျသွားနိုင်တဲ့ အနေအထား ရှိပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်ရှိ ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွက် ဓာတ်မြေဩဇာအိတ်ရေ ၆ ထောင်ကျော်ကို သက်သာနှုန်းထားဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ရောင်းချပေးမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း လက်တွေ့မြေပြင်တွင် ရောင်းချပေးနေမှုများ မရှိကြောင်း ဦးအောင်ကျော်မြက ဆက်ပြောသည်။

“ကျနော်တို့ ကောလဟလ တစ်ခုတော့ ကြားတယ်နော်။ ကျနော်လည်း တောင်သူလယ်သမားအရေးကို ဆောင်ရွက်နေတဲ့ လယ်သမားတစ်ယောက်။ လယ်သမားထဲက လယ်သမားတစ်ယောက်။ ဒါပေမယ့် ကျနော်တို့ ကောလဟလ ကြားတာက ကျနော်တို့ အခုပြောနေတဲ့ ကျောက်တော်မြို့နယ်ဆိုရင် ဓာတ်မြေဩဇာ ၆၀၀၀ ဆို လားပဲ အိတ်ရတယ်လို့ ကြားတယ်။ အဲဒါကို ကျ‌နော် လူငယ်တစ်ယောက်ကို မေးကြည့်ဖို့ စိုက်ပျိုးရေးကို မေးတဲ့ အခါမှာလည်း စိုက်ပျိုးရေးက ဒါကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပေးထားတယ်လို့လည်း ကြားတယ်။ ဒီနေ့အထိတော့ မည်သည့်တောင်သူ တစ်ဦးတစ်ယောက်ကိုမျှ အဲဒီဓာတ်မြေဩဇာ ဒီလို အတန်နှုန်းထားနဲ့ ရောင်းချပေးပါမယ်ဆိုတဲ့ သတင်းတော့ ကျနော်တို့ မကြားမိသေးဘူး” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ်ရှိ တောင်သူများသည် ပြီးခဲ့သည့်နှစ်များတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စပါးမစိုက်ပျိုး နိုင်ခဲ့ကြသလို အစိုးရဆီမှ စိုက်ပျိုးချေးငွေယူထားသည့် ချေးငွေများကိုလည်း ပြန်လည်မဆပ်နိုင်ကြသည့်အတွက် ချေးငွေဆပ်ထားခြင်း မရှိသည့် တောင်သူများကို ယခုနှစ်အတွက် စိုက်ပျိုးချေးငွေကို အစိုးရမှ ထုတ်ချေးပေးခြင်း မပြုတော့ကြောင်း သိရသည်။

ထို့အပြင် ယခင်က ဓာတ်မြေဩဇာတစ်အိတ်လျှင် ၃ သောင်းဝန်းကျင်သာ ရှိသော်လည်း လက်ရှိတွင် တစ်သိန်း နီးပါးဖြင့် ဝယ်ယူနေရကြောင်း၊ အလားတူ စက်သုံးဆီ တစ်ပီပါကို ၆ သိန်းဖြင့် ဝယ်ယူနေရခြင်းကြောင့် စပါး စိုက်ပျိုးမှု မလုပ်နိုင်ခြင်း ဖြစ်သည်ဟု ကျောက်တော်မြို့နယ်မှ တောင်သူလယ်သမားတစ်ဦးဖြစ်သူ ဦးလှမောင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

“စိုက်ပျိုးစရိတ်ချေးငွေလည်း မရဘူး။ နောက်ပြီးတော့မှ တခြားလူဆီက ချေးရင်လည်း ငွေ ၁၀၀ ကို ၅ ကျပ်၊ ၆ ကျပ်၊ ၇ ကျပ် အထိ ပေးရတယ်။ အဲဒီအတိုးနဲ့မှ ယူပြီးတော့ ကျနော်တို့ ဓာတ်မြေဩဇာ အရင်တုန်းက ကျနော်တို့ ၂ သောင်းခွဲ၊ ၃ သောင်းနဲ့ ရနေတာကို တစ်သိန်းခွဲ ပေးဝယ်ရမယ်။ ယခင်တုန်းက ကျနော်တို့ တစ်သိန်းခွဲနဲ့ ရနေတဲ့ ဆီတစ်ပီပါကို ၆ သိန်းခွဲ ပေးဝယ်ရမယ်ဆိုလို့ရှိရင် ကျနော်တို့ သူတပါးဆီက ငွေကို အတိုးနဲ့ ယူပြီးတော့မှ လယ်ယာလုပ်ငန်းခွင်မှာ အရင်းသွင်းနိုင်တဲ့ တောင်သူတွေကတော့ လုံးဝ မစိုက်နိုင်တော့ဘူး” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ထွက်ရှိသည့် စပါးများသည် ရခိုင်ပြည်နယ်အတွက်သာ လုံလောက်မှုရှိပြီး တခြားတိုင်းနှင့် ပြည်နယ်များသို့ ရောင်းချနိုင်သည့် အခြေအနေတွင် မရှိသည့်အတွက် ယခုကဲ့သို့ စိုက်ပျိုးနှုန်း လျော့ကျလျှင် စပါး အထွက်နှုန်းသည်လည်း လျော့ကျမည်စိုးသောကြောင့် ရခိုင်ပြည်နယ် စပါးလုံလောက်မှုအတွက် စိုးရိမ်စရာ အနည်းငယ်ရှိကြောင်း တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူများက ခန့်မှန်းနေကြသည်။