CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅

ရခိုင်ပြည်နယ်တွင် ယခုနှစ် မိုးစပါး အထွက်နှုန်းသည် ပြီးခဲ့သည့်နှစ်ထက် ၄၀ ရာခိုင်နှုန်းခန့် လျော့ကျသွား ကြောင်း ရခိုင်ပြည်နယ်ရှိ စပါးစိုက်တောင်သူများက CNI သတင်းဌာနသို့ ပြောသည်။

ယခုနှစ်တွင် အထွက်နှုန်းလျော့သွားရခြင်းမှာ မိုးရွာသွန်းမှု နောက်ကျခြင်း၊ မုန်တိုင်းဝင်ရောက်ခြင်း၊ သွင်းအားစု လုံလောက်စွာ အသုံးမပြုနိုင်ခြင်းနှင့် တကျော့ပြန်တိုက်ပွဲများကြောင့်ဟု ရခိုင်ပြည်နယ်ရှိ စပါးစိုက်တောင်သူများက ပြောသည်။

တောင်သူ ဦးအောင်ကျော်မြက “အခုနှစ် ရခိုင်မှာ စပါးအထွက်နှုန်းက တအားနည်းသွားတယ်။ လျော့သွားတယ်လေ။ အဲဒါကတော့ ဘာကြောင့်လဲဆိုရင် ကျနော်တို့ ဒီမှာ စပါးတွေ ကောက်စိုက်ပြီးတာနဲ့ ဝါဆို ဝါခေါင် မိုးပျော် ရမယ့်အချိန်မှာ မိုးတွေက ရက်ပေါင်း ၄၀ လောက် ရပ်သွားတာပေါ့။ မိုးတွေရပ်သွားတဲ့အခါမှာ ကျနော်တို့ မိုးရေချိန်က ကျနော်တို့ ရခိုင်ဘက်မှာ ပြည့်အောင် မရွာလိုက်တဲ့အတွက်ကြောင့် စပါးတွေက တအားကို ထိခိုက်သွားတာပေါ့နော်။ စပါးဈေးနှုန်းကတော့ အခု ဧည့်မထဆိုရင် တင်း ၁၀၀ ကို ၁၀ သိန်း လောက်ရှိတယ်။ ပေါ်ဆန်းဆိုရင် တင်း ၁၀၀ ကို ၁၃ သိန်းပတ်လည်လောက်ရှိတယ်။ အဲဒီဈေးနှုန်းလောက်နဲ့ အခုဒီဘက်မှာ စပါးတွေတအားလျော့သွားတဲ့အခါမှာ သွင်းအားစုကလည်းများတော့ အရှုံးပေါ်တာပေါ့နော်။ အရင်းတောင် မကိုက်သေးတယ်။ ကျနော်တို့ ရခိုင်လယ်သမားတွေကတော့ အရှုံးကို ဦးတည်ပြီးတော့မှ ဖြစ်သလို ပြန်ပြီးတော့မှ လုပ်ကိုင်နေရတာပေါ့။ ကျနော်တို့မှာတော့ ဘာပဲပြောပြော အရှုံးတွေက တအားပေါ်တယ်” ဟု ၎င်းက ပြောသည်။

စိုက်ခင်းများအတွင်း ရေသွင်းစိုက်ပျိုးနေစဉ်

ဆက်လက်ပြီး အခုလို အရှုံးပေါ်နေသည်တိုင် ၎င်းတို့အနေဖြင့် အခုလို လယ်ယာအလုပ်မှ မလုပ်ကိုင်လျှင် လုပ်ကိုင် စရာ အလုပ်အကိုင်မရှိကြောင်းနှင့် စက်ရုံ၊ အလုပ်ရုံနှင့်အခြားသော စိုက်ပျိုး၊မွေးမြူရေး လုပ်ငန်းများမှာလည်း ၎င်းတို့ဘက်တွင် ကြီးကြီးမားမားမရှိတာကြောင့် လယ်ယာကိုသာဖြစ်သလို ဆက်လက် လုပ်ကိုင်နေရပြီး ယခု လောက် အရှုံးပေါ်နေမည်ဆိုလျှင် နောက်နှစ်များတွင် လယ်ကွက်များအား ပြည့်အောင် စိုက်ပျိုးနိုင်ဖို့အတွက် စိန်ခေါ်မှုတွေရှိနိုင်မယ်လို့ ဦးအောင်ကျော်မြက ဆက်ပြောသည်။

ရခိုင်တောင်သူများသည် ယခုနှစ်တွင် မိုးစပါးအား ဧကလျှော့၍ စိုက်ပျိုးခဲ့ကြခြင်းဖြစ်သည့်အပြင် ယခုနှစ် မိုးစပါးအထွက်နှုန်းသည် ယခင်နှစ်ထက် လျော့ကျမည်ဟု ခန့်မှန်းထားကြသော်လည် တစ်ဧကလျှင် တင်း ၅၀ ခန့် ထွက်ရှိမည်ဟု သုံးသပ်ထားကြခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က တစ်ဧကလျှင် စပါးတင်း ၆၀ မှ ၈၀ (တောင်း ၁၂၀ မှ ၁၆၀ ခန့်) အထွက်နှုန်းရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်ဧက၌ စပါးတင်း ၄၀ (တောင်း ၈၀) ခန့်သာ အထွက်နှုန်းရှိကြောင်း ရခိုင်ပြည်နယ်ရှိ စပါးစိုက် တောင်သူများက CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့်နှစ်က ၅ သောင်းခန့် ပေးဝယ်ရသည့် ဓာတ်မြေဩဇာ တစ်အိတ်အား ယခုနှစ်တွင် ၁ သိန်းကျော်ဖြင့် ဝယ်ယူခဲ့ရမှု၊ ဒီဇယ်ဆီဈေးနှုန်းမြင့်တက်ခဲ့မှုတို့သည်လည်း စပါးအထွက်နှုန်းလျော့ကျသွားခြင်း၏ အဓိက အကြောင်းတရားများဖြစ်သည်။

စပါးများ ခြွေလှေ့နေစဉ်

ရခိုင်ပြည်နယ်တွင် မိုးစပါးအထွက်နှုန်းသည် တစ်နှစ်ထက် တစ်နှစ် တိုးလာခြင်းမရှိဘဲ လျော့ကျနေခြင်းဖြင့်သာ ရင်ဆိုင်နေရသည့်အတွက် တောင်သူများအနေဖြင့် စိုးရိမ်စရာတစ်ခုဖြစ်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ ဦးကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။

“အဲဒါကျနော် တော်တော် စိုးရိမ်တဲ့ကိစ္စပဲ။ ဒီဘက်မှာ ရခိုင်ပြည်ဒေသမှာက တော်တော်ဆိုးရွားနေတာက အထွက်နှုန်းလျော့ကျတဲ့အပြင် စိုက်ဧကလည်း လျော့ကျလာတယ်။ စိုက်ဧကလျော့ကျလာတဲ့အတွက် ကုန်ထုတ်လုပ်မှု တစ်ပြည်လုံးအတိုင်းအတာအရ လျော့ကျလာတာကို တွေ့ရတယ်။ နောက်တစ်ခု စနစ်တကျ နည်းပညာအထောက်အပံ့မရှိတဲ့အတွက်ကြောင့် သူ့ရဲ့ quality ကလည်း ကျဆင်းလာတယ်။ အကုန်လုံးကတော့ အကျမှာပဲ တွေ့နေရတယ်။ ကျနော်တို့တင်ပြတာက ရိုးရိုးရှင်းရှင်းလေးပါ။ တောင်သူတွေရဲ့ အခန်းကဏ္ဍက ဝန်ကြီးဌာနလည်းရှိတဲ့အတွက် ဝန်ကြီးဌာနမှာ တာဝန်တစ်ရပ်ရှိနေတယ်။ investment လို့ ပြောတဲ့အခါမှာ ငွေကြေးရှိမယ်၊ သွင်းအားစုတွေရှိမယ်၊ ဒီမျိုးစပါးတွေရှိမယ်၊ စိုက်ပျိုးရေ ရှိမယ်။ အဲဒီကဏ္ဍတွေကို ပြင်ဆင် ပေးဖို့လိုအပ်တယ်။ ဒုတိယက technic ပေါ့နော်။ နည်းပညာပိုင်းဆိုင်ရာ ကျနော်တို့ အထောက်အပံ့ပေးဖို့ လိုအပ် တယ်။ နည်းပညာ အားနည်းတာကိုတွေ့နေရတယ် အကုန်။ နောက်တစ်ခု ဈေးကွက်၊ ဈေးကွက်က အာမခံချက်ရှိတဲ့ ဈေးကွက်မဟုတ်ဘူး။ ကုန်သည်တွေ ပွဲစားတွေကြားမှာအဆင့်ဆင့် ဖြတ်တောက်မှုတွေကို တောင်သူတွေက ခံနေရတယ်။ စပါး ၁၀၀ ကို ၁၀ သိန်း ရှိတယ်လို့ သိတဲ့ အခြေအနေမျိုးမှာ တောင်သူတွေ လက်ထဲကို ၇ သိန်း လောက်ပဲ လက်ခံရရှိတဲ့ သဘောရှိတယ်။ အဲဒီ ကဏ္ဍ ၃ ခုလုံးကို တောင်သူတွေ၊ ကုန်သည်ပွဲစားတွေနဲ့ ဌာနပိုင်းဆိုင်ရာ(သို့)အစိုးရ တွေကြားမှာ ထိန်းညှိဖို့ လိုအပ်တယ်ပေါ့” ဟု ၎င်းက ပြောသည်။


လာမည့်နှစ်တွင် နယ်မြေမတည်ငြိမ်ခြင်း၊ သွင်းအားစုစရိတ်များ အဆမတန်ကြီးမြင့်ခြင်းများ ထပ်မံဖြစ်ပေါ်ပါက စိုက်ဧကမှာ ယခုထက်ပို၍လျော့ကျသွားနိုင်ကြောင်းနှင့် နယ်မြေတည်ငြိမ်ပြီး သွင်းအားစုစရိတ်များလည်း လျော့ကျသွားပါက စိုက်ဧကမှာ တိုးလာနိုင်ဖွယ်ရှိကြောင်း ရခိုင်ပြည်နယ်ရှိ စပါးစိုက်တောင်သူများက ပြောသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် မိုးစပါးအား ဧက ၁၂ သိန်းအနက် ၉ သိန်း ဝန်းကျင်ခန့်သာ စိုက်ပျိုးခဲ့ကြပြီး မုန်တိုင်း ကြောင့် ပျက်စီးသွားသည့် ဧက ၁ သိန်းဝန်းကျင်ခန့်ရှိကြောင်းနှင့် လက်ရှိတွင် ရခိုင်တစ်ပြည်နယ်လုံး အတိုင်း အတာဖြင့် စပါးအားလုံး မရိတ်သိမ်းရသေးသည့်အတွက် စုစုပေါင်း စပါးအထွက်နှုန်း တင်းမည်မျှထွက်ရှိသည်ကို မသိရသေးကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။