CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၅
အာဂျင်တီးနားအသင်းက အန်ဂိုလာအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ အသင်းခေါင်းဆောင် မက်ဆီဟာ ၁ ဂိုး သွင်းယူခဲ့သလို တိုက်စစ်မှူး လောတရိုမာတီနက်ဇ် သွင်းယူတဲ့ သွင်းဂိုးကိုလည်း ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။
အန်ဂိုလာနိုင်ငံဟာ ပေါ်တူဂီနိုင်ငံထံကနေ လွတ်လပ်ရေး ရခဲ့တဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ခြေစမ်းပွဲ ကစားဖို့ အာဂျင်တီးနားအသင်းကို အမေရိကန်ဒေါ်လာ ၁၂ သန်း ပေးခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထား ပါတယ်။
ဒီပွဲကို ပရိသတ်ပေါင်း ၅ သောင်းကျော် တက်ရောက် အားပေးခဲ့ကြပြီး မက်ဆီ ကွင်းထဲကနေ ထွက်ခွာချိန်မှာ ပရိသတ်တွေဟာ မတ်တပ်ရပ်ပြီး လက်ခုပ်တီးခဲ့ကြပါတယ်။
အန်ဂိုလာအသင်းဘက်ကို ဂိုးသွင်းနိုင်ခဲ့တဲ့ မက်ဆီဟာ အခုဆိုရင် နိုင်ငံပေါင်း ၃၉ နိုင်ငံကို ဂိုးသွင်းနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

မက်ဆီကို တွေ့ရစဉ်
အာဂျင်တီးနားအသင်းအတွက် ၁၉၆ ပွဲ ကစားထားပြီး ၁၁၅ ဂိုး သွင်းယူထားတဲ့ မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၆ ကြိမ်မြောက် ပါဝင်နိုင်ဖို့ ရည်မှန်းထားတာပါ။
ဒါပေမယ့် မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖို့နဲ့ ပတ်သက်တဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ ချမှတ်ရခြင်း မရှိသေးပါဘူး။
မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ပါဝင်ကစားအပြီးမှာ အင်တာမိုင်ယာမီအသင်းထံ ပြန်ကာ မေဂျာလိဂ် ဖလား Eastern Conference semifinal ပွဲစဉ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ Eastern Conference semifinal စင်စင်နာတီအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
မက်ဆီဟာ ၂၀၂၅ မေဂျာလိဂ် ရာသီကုန်ရင် ဥရောပကလပ်တွေထံ ကာလတို အငှားပြောင်း ကစားဖို့မရှိဘဲ အနားယူပြီး ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးရဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
Source: ESPN
