CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄

ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများသည် ယခုရက်ပိုင်းအတွင်း တဖြည်းဖြည်း ကျဆင်းလာနေပြီး ဓာတ်ဆီ တစ်လီတာလျှင် ၁၉၀၀ ကျပ်ဖြင့် ဈေးကွက်တွင် ရောင်းချနေသည်ကို တွေ့ရှိရသည်။

ထိုသို့ စက်သုံးဆီ ဈေးနှုန်းများ ကျဆင်းလာနေခြင်းသည် ကမ္ဘာ့ဆီဈေးနှုန်းများ ကျဆင်းနေသည့် အတွက်ကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့် က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စက်သုံးဆီဈေးတွေကျတာ ကမ္ဘာ့ဆီဈေးတွေ ကျလို့ပါ။ ကျနော်တို့ တော်လို့ မဟုတ်ပါဘူး။ ကမ္ဘာ့ဆီဈေး က ကျတော့ ကျနော်တို့လည်း ကျရတာပေါ့နော်။ ကမ္ဘာ့ဆီဈေးကျရင် ကျမယ်။ မကျရင် အဓိပ္ပါယ် မရှိဘူးလေ။ ဒေါ်လာနဲ့လည်း မှန်ပါတယ်၊ အခုကျတာက ကမ္ဘာ့ဆီဈေးကြောင့် ကျတာပါ။ ဒေါ်လာဈေးကတော့ ငြိမ်နေပါတယ်။ ဒေါ်လာဈေးငြိမ်နေတော့ ဒေါ်လာဈေးကြောင့် ဈေးတက်ခြင်း၊ ကျခြင်း ပြဿနာ သိပ်မရှိဘူး။ ဒေါ်လာဈေးက နည်း နည်းတော့ ကျလာတာပေါ့နော် အရင်ကထက်စာရင်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စက်သုံးဆီ ဈေးနှုန်းများ ကျဆင်းနေသော်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ရောင်းချသည့် ဈေးနှုန်းများသည် ကွဲပြားနေကြောင်း၊ ဒေသတစ်ခုနှင့် တစ်ခု ကျဆင်းနေသည့် ပမာဏမှာ ကွာခြားလျက် ရှိကြောင်း သိရသည်။

စက်သုံးဆီ တိုင်ကီကိုတွေ့ရစဉ်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင်လည်း စက်သုံးဆီဈေးနှုန်းများ ကျဆင်းမှုရှိကြောင်း၊ ယခင်က အောက်တိန်း ၉၂ တစ်လီတာ ၂၅၀၀ ကျပ်ရှိရာ လက်ရှိတွင် ၂၀၅၀ ကျပ်သို့ ကျဆင်းနေကြောင်း ရခိုင်ပြည်နယ်ရှိ စက်သုံးဆီဆိုင် ပိုင်ရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အရင်ကထက် စာရင်တော့ မနေ့ကအထိ ကျတာဆိုတော့ ၅၀၀ လောက် ကျသွားတာပေါ့ တစ်လီတာကို။ ဒီနေ့တော့ ၁၀၀ ပြန်တက်တယ်လေ။ ဒီမှာရောင်းဈေးက တစ်လီတာကို ၂၀၅၀။ ဟိုးအရင်တုန်းကတော့ ၂၅၀၀ လောက်ရှိတယ် မကျခင်ကလေ။ ၂၅၀၀ လောက်ကနေပြီးတော့ ၂၀၅၀ ကို ကျသွားတာ။ ဒါပေမယ့် ဆီ ရရှိမှုက တော့ စောင့်ရတာပေါ့။ အခက်အခဲတွေ ဆီရရှိမှုက။ ဝယ်ရတာ အခက်အခဲ ရှိတုန်းပဲ။ အခက်အခဲ ရှိတယ်ဆိုတာက ကိုယ့်ရောင်းအားနဲ့ ကိုယ်လိုချင်တဲ့ ရောင်းအားနဲ့ လိုချင်သလောက် မရဘူးပေါ့”ဟု ပြောသည်။

ပြီးခဲ့သည့်လများအတွင်းက လမ်းခရီး အခက်အခဲနှင့် သယ်ယူရသည့် အခက်အခဲများကြောင့် စက်သုံးဆီဈေးနှုန်း တစ်လီတာ ၇၀၀၀ ကျပ်အထိ ရခိုင်ပြည်နယ်တွင် ရောက်ရှိခဲ့သည်။

ထို့နောက် ရခိုင်ပြည်နယ်တွင် စက်သုံးဆီဈေးနှုန်းသည် ထက်ဝက်ခန့် ကျဆင်းသွားကြောင်း၊ မောင်တောမြို့နယ် မှာတော့ တစ်လီတာ ၃၀၀၀ ကျပ် ဖြစ်နေကြောင်း ရခိုင်ပြည်နယ်၊ မောင်တောဒေသခံများထံမှ သိရသည်။

၎င်းက “ဒီမှာလည်း ကျပါတယ်။ အခုကတော့ လက်လီဈေးနဲ့ဆိုရင် တစ်လီတာကို ၃၀၀၀ လောက် ရှိပါတယ်။ အရင်ကထက်တော့ တအား ဈေးကျတာပေါ့နော်။ ၂၀၀၀၊ ၃၀၀၀ လောက် ကျတာပေါ့။ အရင်တုန်းက တစ်လီတာ ကို ၆၅၀၀၊ ၇၀၀၀ အဲလောက်ပါ”ဟု ပြောသည်။

ထို့နောက် စက်သုံးဆီ ပြတ်လပ်မှုနှင့် ဝယ်ယူရ ခက်ခဲမှု မကြာခဏ ဖြစ်ပေါ်လေ့ရှိသည့် ကချင်ပြည်နယ်၊ ပူတာအို မြို့နယ်တွင်လည်း ယခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်း ကျဆင်းမှု ရှိနေသည်ဟု ဒေသခံ ဦးဘရန်ရှောင်က CNI သတင်းဌာနသို့ ပြောသည်။

စက်ဆုံးဆီ ထည့်နေကြစဉ်

၎င်းက “နည်းနည်း ကျလာတယ်။ ဟိုတစ်ပတ်က ၂၈၀၀ အခု ၂၆၉၀ အဲလောက်ထိ ပြန်ကျလာတယ်။ ပြန်ကျလာ တယ် ပြောရမှာပေါ့။ အရင်တုန်းက ၃၀၀၀ ကျော်တယ်လေ။ အခုက ၂၆၀၀ ကျော် ၂၇၀၀ နား အဲလောက်ထိ ပြန် ကျလာတာ။ ဝယ်ရလွယ်တယ်။ ဒါပေမယ့် ခက်တာက တစ်ခါတလေကျရင် ဗြုန်းဒိုင်းနဲ့ ပြတ်သွားတာမျိုးလေ။ ရှိ ရက်သားနဲ့ မရောင်းဘဲနဲ့ ထိန်းလိုက်တာထင်တယ်။ အဲလို တစ်ခါတလေကျရင် ဖြစ်တယ်” ဟု ပြောသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၁၉၀၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၂၆၅ ကျပ်နှင့် ပရီမီယမ်ဒီဇယ် တစ်လီတာကို ၂၃၄၀ ကျပ် ဈေးနှုန်းရှိကြောင်း ရန်ကုန်စက်သုံးဆီဈေးကွက်အတွင်းမှ သိရသည်။