CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၀

ဆွီဒင်တိုက်စစ်မှူးအစ်ဆက်က နယူးကာဆယ်အသင်းဟာ သူ့ကိုပေးထားတဲ့ကတိတွေဖောက်ဖျက်ခဲ့တယ်လို့ စွပ်စွဲပြီး အသင်းကနေ ထွက်ခွာချင်တယ်လို့ အတည်ပြုခဲ့ပါတယ်။ 

အစ်ဆက်က “တခြားသူတွေပြောနေချိန်မှာ ကျနော်နှုတ်ဆိတ်နေတာကြာပါပြီ။ ကတိတွေဖောက်ဖျက်ပြီး ယုံကြည်မှုတွေဆုံးရှုံးသွားတဲ့အချိန်မှာ ဆက်ဆံရေးက ရှေ့ဆက်သွားလို့မရတော့ပါဘူး။ အပြောင်းအလဲဟာ ကိုယ်ကိုယ်တိုင်အတွက်သာမကဘဲ လူတိုင်းအတွက် အကောင်းဆုံးအရာဖြစ်တယ်”လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

အသက် ၂၅ နှစ်အရွယ်ရှိအစ်ဆက်ဟာ အသင်းကနေ ထွက်ခွာချင်နေတဲ့ သူ့ရဲ့ဆန္ဒကို နယူးကာဆယ်အသင်းထံ အသိပေးအကြောင်းကြားခဲ့တာ ကြာခဲ့ပြီဖြစ်ပါတယ်။ 

အစ်ဆက်ဟာ အနာဂတ်မရေမရာမှုကြောင့် PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲကိုလည်း တက်ရောက်ခဲ့ခြင်းမရှိတာပါ။ 

အစ်ဆက်ဟာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ချင်နေပြီး လီဗာပူးလ်အသင်းကလည်း သူ့ကိုခေါ်ယူဖို့ ပေါင်သန်း ၁၁၀ နဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တာကို နယူးကာဆယ်အသင်းက ပယ်ချထားတာဖြစ်ပါတယ်။ 

နယူးကာဆယ်အသင်းဟာ အစ်ဆက်ရဲ့ကြေညာချက်နဲ့ပတ်သက်ပြီး သူတို့ဘက်က ဘာကတိကဝတ်မှ ပေးထား ခြင်းမရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ 

ဒါ့အပြင်နယူးကာဆယ်အသင်းက အစ်ဆက်ဟာ အသင်းနဲ့ စာချုပ် ကျန်ရှိနေ သလို အသင်းရဲ့အစိတ်အပိုင်းဖြစ်နေတဲ့အတွက် အသင်းဖော်တွေနဲ့ ပြန်လည်ပူးပေါင်းဖို့ အဆင်သင့်ဖြစ်ပြီး ပြန်လာ တဲ့အချိန်မှာ ကြိုဆိုသွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

အစ်ဆက်ဟာ နယူးကာဆယ်အသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေမှာ မပါဝင်ခဲ့သလို ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ အက်စတွန်ဗီလာအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်ကိုလည်း လွဲချော်ခဲ့တာပါ။ 

နယူးကာဆယ်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source:ChannelNewsAsia