CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၄

သယ်ယူပို့ဆောင်ရေး လမ်းခရီးတွင် စစ်ဆေးရေးများကြောင့် အချိန်ကြန့်ကြာနေမှုနှင့် စက်သုံးဆီခွဲတမ်းရရှိမှု လျော့နည်းလာသည့်အတွက် ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များ ဆီပြတ်လပ် မှုဖြင့် ကြုံတွေ့နေရသည်ဟု စက်သုံးဆီဆိုင်ပိုင်ရှင်များထံမှ သိရသည်။

မွန်ပြည်နယ်မှတဆင့် ရန်ကုန်သီလဝါ ဆိပ်ကမ်းတွင် စက်သုံးဆီခွဲတမ်း လာရောက်ထုတ်ယူရာ၌ ယခင်က သတ်မှတ်ချိန်အတွင်း ရောက်ရှိသော်လည်း လက်ရှိမှာတော့ ညောင်ခါးရှည် X – Ray စစ်ဆေးရေးဂိတ်မှာ ၂ ရက် ခန့်ကြာ စောင့်ဆိုင်းပြီးမှ ရောက်ရှိသည်။

ထို့ကြောင့် ပြည်နယ်အတွင်းရှိ စက်သုံးဆီရောင်းချမှုတွင် ဆီပြတ်လပ်မှုများ ဖြစ်ပေါ်လာကြောင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ဆီဆိုင်ပိုင်ရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင် တစ်ဆိုင်ကိုတွေ့ရစဉ်

၎င်းက “ညီမတို့က မော်လမြိုင်ဘက်က လာတာပါ။ မော်လမြိုင်ဘက်က လာတယ်ဆိုတော့ X – Ray ဂိတ်မှာ လည်း ညီမတို့ကားတွေက ကြန့်ကြာတယ်။ ကြန့်ကြာမှုရှိတာပေါ့နော်။ ကြန့်ကြာမှုရှိတော့လေ အဲလိုမျိုး ညီမတို့ ရောက်သွားလို့ရှိရင် ညီမတို့အရှေ့မှာ ကားတွေက စီနီယာတွေ ရှိနေတော့ ညီမတို့က နောက်ကျတော့ ထုတ်လို့ မရဘူး။ နောက် ဆီတွေက limit နဲ့ပဲ ပေးတယ်။ အဲလိုမျိုးတွေလည်း ကြုံရတာပေါ့နော်။ ဆီက limit ပြည့်လို့ရှိရင် terminal တွေက ပိတ်လိုက်တယ်တဲ့ ကိုယ်စားလှယ်တွေကတော့ ပြောပါတယ်။ ဆီထုတ်တာက အရင်တုန်းက ဆိုရင်တော့ အဆင်ပြေတယ် X – Ray က နည်းနည်းပဲ တန်းရတော့။ အခုက X – Ray က ၂ ရက်လောက် တန်း နေရတော့ ဆီကတော့ အဲလိုမျိုး အလျင်မမှီတော့ တစ်ပတ်ကို တစ်ကြိမ်လောက်ဆိုလည်း ရပါတယ်။ သူတို့ခွဲတမ်း က ညီမတို့ကို အတိအကျလည်း မပေးဘူး။ တစ်ခါတလေ ကျလို့ရှိရင် သူတို့က ခွဲတမ်း ပိုကျတာလည်း ရှိတယ်။ အခုဆိုရင် ဒီရက်ပိုင်း အနေအထားနဲ့ ပြောရမယ်ဆိုရင်တော့ ဒီရက်ပိုင်း အနေအထားကတော့ ခွဲတမ်းတွေ လျှော့ တယ်။ ခွဲတမ်းတွေ လျှော့တော့ ပိုပြီးတော့ ရောင်းမလောက်ဘူးပေါ့နော်။ နောက်ပြီးတော့ ဒီအချိန်ကလည်း ခရီး သွားရာသီ ဖြစ်နေတော့ ဆီက ပိုကုန်တယ်၊ ပိုရောင်းရတာပေါ့နော် ပြောမယ်ဆိုရင်” ဟု ပြောသည်။

စက်သုံးဆီခွဲတမ်း ထုတ်ယူရာတွင် ၃ ရက်တစ်ကြိမ် ထုတ်ခွင့်ပြုထားကြောင်း၊ ထိုထုတ်ပေးသည့် ခွဲတမ်းသည် လည်း ၃ ရက်အတွင်း ရောင်းကုန်သည့် ပမာဏဖြစ်သည့်အတွက် သယ်ယူသည့် လမ်းကြောင်းတွင် အချိန် ကြန့် ကြာသွားသည့်အခါ စက်သုံးဆီဆိုင်တွင် ဆီပြတ်လပ်မှု ဖြစ်သွားသည်ဟု သိရသည်။

ထို့အပြင် လက်ရှိကာလသည် ခရီးသွားရာသီ ဖြစ်သည့်အတွက် စက်သုံးဆီ ဝယ်ယူမှုများ ပိုမိုမြင့်တက်နေခြင်း ကြောင့် ခွဲတမ်းရရှိသော ပမာဏသည် သတ်မှတ်ရက် မတိုင်ခင်တွင် ပြတ်လပ်မှု ဖြစ်ပေါ်သွားသည်ဟု စက်သုံးဆီ အရောင်းဆိုင်များက ပြောသည်။

DENKO စက်သုံးဆီဆိုင်ကိုတွေ့ရစဉ်

ထို့နောက် ရခိုင်ပြည်နယ်မှတဆင့် ရန်ကုန်မြို့သို့ လာရောက်ရာတွင်လည်း ခွဲတမ်းထုတ်ရန် သတ်မှတ်ထားသည့် ရက်ကို အချိန်မီ ရောက်ရှိရန် မလွယ်ကူသည့်အတွက် စက်သုံးဆီခွဲတမ်း ထုတ်ပေးသည့်ရက်ကို တစ်ပတ်တစ်ကြိမ် အနေဖြင့် လုပ်ဆောင်ပေးရန်နှင့် တစ်ပတ်စာ ဆီခွဲတမ်းရရှိရန် လိုအပ်သည်ဟု ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ နယ်မှ စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စက်သုံးဆီကတော့ ပြတ်တာပေါ့။ ပြတ်တာတော့ ဆီက တစ်မျိုးလောက်တော့ ပြတ်တယ်။ ဒီဇယ်ပြတ် တယ် နည်းနည်း။ ထုတ်နေရတာ ရက်ကြာတော့ စောင့်နေရတာရှိတယ်။ ရခိုင်ကကျတော့ ရန်ကုန်ကဆိုင်နဲ့ မတူ ဘူးလေ။ သတ်မှတ်ထားတာက ခွဲတမ်းကို ၃ ရက် အတောအတွင်း ထုတ်ရတာကိုး။ ရခိုင်က ကားတွေကျတော့ နယ်ဈေးကားတွေက ရန်ကုန်ကို မောင်းရက်ကိုက ၃ ရက်ရှိတယ်။ အဲဒီအခါကျတော့ ရန်ကုန်မှာ ဘောက်ဆာ တစ်ခါငှား၊ ငှားပြီးတော့ အဲဒီမှာ ရှိတဲ့တစ်ချိန် ထုတ်ထား၊ ထုတ်ထားပြီးတော့ ဒီက ကားလာတဲ့အခါ ပြန်ချိန်း။ အခက်အခဲတော့ ရှိတာပေါ့။ ဟိုတုန်းကလို ဘယ်ဟုတ်တော့မလဲ အခက်အခဲက အရမ်းရှိတယ်။ ဆီပြတ်တယ် ဆိုတာက သူတို့က ခွဲတမ်းပေးတာ နည်းတယ်။ ပြီးရင် ထုတ်ရမယ့်ရက်က အချိန်လုနေရတော့ အခက်အခဲ ဖြစ်ကုန်တာပေါ့။ တစ်ပတ်အတောအတွင်းမှာ အပြီးထုတ်၊ ဆီရဲ့ ခွဲတမ်းကိုလည်း တစ်ပတ်စာ ခွဲတမ်းပေး။ ထုတ်တဲ့ရက်ကို ကန့်သတ်ထားတော့ အဆင်မပြေဘူးပေါ့။ အဲဒီထုတ်မယ့်ရက် မထုတ်နိုင်ဘူးဆိုရင် cancel ဖြစ်သွားတယ်။ ဥပမာ လီတာ ၅၀၀၀ ကျတယ်။ ၃၀၀၀ ပဲ ထုတ်နိုင်တယ်ဆိုရင်၊ ကားမဆံ့တော့ဘူး၊ ၃၀၀၀ ပဲ တင်နိုင်တယ်ဆိုရင် ၂၀၀၀ ကျန်ခဲ့တယ်။ ထုတ်မယ့်ရက်မှာ မထုတ်နိုင်ရင် cancel ဖြစ်သွားရော” ဟု ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း ဓါတ်ဆီနှင့် ဒီဇယ်ဆီ ပြတ်လပ်မှုများ ရှိနေပြီး ခွဲတမ်းထုတ်ရ မည့်ရက် မရောက်မီ စက်သုံးဆီ ပြတ်လပ်မှု မဖြစ်စေရန်အတွက် တချို့ဆိုင်များသည် အကန့်အသတ်ဖြင့် ရောင်းချ နေရသည်ဟု သိရသည်။