CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၄

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)သည် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိကာ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်၍ ရခိုင်ပြည်နယ် အတွင်း တိုက်ခိုက်ခဲ့သည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် သံတွဲလေဆိပ်ရှိ နားနေဆောင် အဆောက်အဦများ ပျက်စီးခဲ့သလို ဂွမြို့နယ် ရွှေဥကွင်းကျေးရွာမှ ထရန်စဖော်မာများ ပျက်စီးခဲ့သည်။

အလားတူ စစ်တွေမြို့ရှိ လူနေအိမ်များ၊ အဆောက်အဦများနှင့် သစ်ပင်များ ပျက်စီးခဲ့သလို ကျောက်ဖြူမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ၌ ကမ်းစပ်ရှိ မော်တော်ဘုတ်များ၊ လူနေအိမ်များ၊ လမ်းမီးတိုင်များ အပါအဝင် ဆက်သွယ်ရေး တာဝါတိုင်များ ပျက်စီးခဲ့သည်။

မေလ ၁၄ ရက်နေ့က ကျင်းပသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအတွက် အရေးပေါ် အစည်းအဝေးကို တွေ့ရစဉ်

ထို့နောက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များက ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် နေရာများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသင့်ပြင်ဆင် စုဖွဲ့ထားရှိသည့် ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားအားလုံး မည်သူတစ်ဦး တစ်ယောက်မှ ကျန်ရှိမှု မရှိစေရေး ကူညီဆောင်ရွက် ပေးသွားရန်လိုကြောင်း၊ ထိခိုက်မှု အနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်ကို အောင်မြင်စွာ ကျော်လွှားနိုင်ရေး မိမိ ကိုယ်တိုင် မျက်ခြည်မပြတ်စောင့်ကြည့်ပြီး အချိန်နှင့် တစ်ပြေးညီ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မေလ ၁၄ ရက်နေ့က ကျင်းပသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအတွက် အရေးပေါ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။