CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၅
အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ပျက်စီးသွား သော အခြေအနေများကို ပြန်လည်ထူထောင်နိုင်ရေးအတွက် နစက-က ကျပ်သိန်းပေါင်း ၇ သောင်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ထောက်ပံ့ငွေကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး မုန်တိုင်း ဒဏ်သင့် ရခိုင်ပြည်နယ်သို့ သွားရောက်၍ အခြေအနေများကို ကြည့်ရှုလေ့လာခဲ့ကြောင်းလည်း သိရသည်။


ရခိုင်ကမ်းရိုးတန်း ဒေသများကို မေလ ၁၄ ရက် မိုခါမုန်တိုင်း တိုက်ခတ်ခဲ့၍ လူနေအိမ်များ ပျက်စီးခြင်း၊ သစ်ပင် များ လဲခြင်း၊ ဆက်သွယ်ရေးတာဝါတိုင် တချို့လဲကျခြင်း၊ ရေကြီးရေလျှံမှုများဖြစ်ခြင်း၊ လမ်းမီးတိုင်များ ပြိုလဲခြင်း စသည့် အခြေအနေများ ဖြစ်ပွားခဲ့သည်။

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အခြေအနေကို နစကဥက္ကဋ္ဌ လေ့လာနေစဉ်

ထို့နောက် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁၇ မြို့နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသ များအဖြစ် မေလ ၁၅ ရက်က နစက-က သတ်မှတ်ကြေညာခဲ့သည်။


ထို့ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ပြည်နယ်အစိုးရသို့ ကျပ်သိန်းပေါင်း ၇ သောင်း နစက-က ထောက်ပံ့ပေးခဲ့သည်။