CNI International News

ဘန်ကောက်၊ မေလ ၁၆

ဘုရင်စနစ်အပေါ် ထားရှိသည့် သဘောထားကြောင့် Move Forward ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရန်ရတ် (Pita Limjaroenrat) အား ဝန်ကြီးချုပ်အဖြစ် ထောက်ခံမဲ ပေးသွားမည် မဟုတ်ကြောင်း ထိုင်းလွှတ်တော်အမတ် နှစ်ဦးက ပြောသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

လွှတ်တော်အမတ်အဖြစ် ကျိမ်းကျိန်ချိန်တွင် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအား ကာကွယ်သွားမည်ဟု သစ္စာဆိုခဲ့ ကြောင်း လွှတ်တော်အမတ်ဖြစ်သူ ဂျာဒတ် အင်ဆာဝမ် (Jadet Insawang) က ပြောသည်။

ဖွဲ့စည်းပုံ၏ ပုဒ်မ ၆ နှင့် ၅၀ အရ လူတိုင်း ဖွဲ့စည်းပုံပါ ဘုရင်စနစ်ကို ကာကွယ်ရန် လိုအပ်သည်ဟု ၎င်းက ပြော သည်။

Move Forward ပါတီနှင့် ပါတီခေါင်းဆောင်တို့သည် ဘုရင်နှင့် ပတ်သက်သည့် ပုဒ်မ ၁၁၂ ကို ပြင်ဆင်မည့် အစီအစဉ်အား ယခင်က ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။

ထိုင်း ဘုရင်မိသားစုကိုတွေ့ရစဉ်

ထိုအစီအစဉ်က တော်ဝင် အဖွဲ့အစည်းများအပေါ် အသရေဖျက်ခြင်းဖြစ်သည့်အတွက် ထိုသဘောထားကို လက်မခံ ကြောင်း မစ္စတာ ဂျာဒတ်က ပြောသည်။

ပုဒ်မ ၁၁၂ သည် ဘုရင်စနစ်အား စော်ကားခြင်းနှင့် ပတ်သက်သည့် ရာဇဝတ်မှုဥပဒေ ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကျိမ်းသစ္စာ ကျိန်ဆိုခြင်းကို ထိန်းသိမ်းသွားမည် ဖြစ်သောကြောင့် မစ္စတာပီတာအား ဝန်ကြီးချုပ်အဖြစ် အဆိုပြုလျှင် ယင်းကို ကန့်ကွက်သွားမည်ဟု ဂျာဒတ်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်စရာမရှိကြောင်း၊ ဘာကြောင့် ပုဒ်မ ၁၁၂ ကို ပြင်ဆင်ကာ ပြစ်ဒဏ်ကို လျော့ပါးစေချင်သလဲ မမေးလိုကြောင်းလည်း ဂျာဒတ်က ပီတာအား မေးခွန်းထုတ်ခဲ့သည်။

ဝန်ကြီးချုပ် ဖြစ်မည့်သူသည် တိုင်းပြည်၊ ဘာသာ သာသနာနှင့် ဘုရင်စနစ်တို့အပေါ် သစ္စာရှိရမည်ဟုလည်း လွှတ်တော်အမတ် ကစ်တီဆတ်ရာတာနာဝါရာချာ (Kittisak Ratanawaraha) က ပြောသည်။

ထိုင်းလွှတ်တော်အမတ်ကို တွေ့ရစဉ်

လွှတ်တော်အမတ်များ အနေဖြင့် ဆုံးဖြတ်ချက် မချခင် တိုင်းပြည်အပေါ် ထိခိုက်နိုင်သည့် အကျိုးသက်ရောက်မှု များကို စဉ်းစားသင့်ကြောင်း၊ ၎င်းတို့အနေဖြင့် ယခင်တုန်းက ကဲ့သို့ တစ်စိတ်တစ်ဝမ်းတည်း ရှိသည်ကို သက်သေ ပြသင့်ကြောင်းလည်း ၎င်းက ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မစ္စတာပီတာအား ဝန်ကြီးချုပ်ရာထူး ခန့်အပ်ခြင်းနှင့် ပတ်သက်၍ စဉ်းစားသင့် သည်ဟုလည်း လွှတ်တော်အမတ်များက ပြောသည်။

Source: ဘန်ကောက်ပို့စ်