CNI International News

ဘန်ကောက်၊ ဩဂုတ် ၂၁

ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံရေးသမားများအနေဖြင့် ထပ်ကာထပ်ကာ သံသရာလည်နေသည့် တရားရုံးများ၏ ကြားဝင်စွက်ဖက်မှုကို ဟန့်တားရန် တရားရေးစနစ်ကို ပြုပြင်ပြောင်းလဲရမည်ဟု မကြာသေးမီက ဖျက်သိမ်း ခံခဲ့ရသည့် Move Forward Party(MFP) ခေါင်းဆောင်ဟောင်း ပီတာ လင်ဂျာရွန်ရတ် (Pita Limjaroenrat) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် သီတင်းတစ်ပတ်အတွင်း MFP ကို ဖျက်သိမ်းခဲ့ပြီး ဝန်ကြီးချုပ် ဆရိသာ သာဗီဆင် (Srettha Thavisin)အား ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် ပီတာ၏ မှတ်ချက်စကားများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ပီတာနှင့် MFP ထိပ်သီးအရာရှိများကို နိုင်ငံရေးလောကမှ ၁၀ နှစ်ကြာ ပိတ်ပင်ခဲ့သော်လည်း ပီတာက ထိုပိတ်ပင်မှုသည် ထိုင်းနိုင်ငံ၏ ပြဿနာများအား ဖြေရှင်းပြီး အကြီးစား ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်မည့် ၎င်း၏ အားထုတ်ကြိုးပမ်းမှုများကို တားဆီးနိုင်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်းဘုရင်စနစ်ကို ဆန့်ကျင်နေကြစဉ်

ထိုင်းနိုင်ငံသည် ဆယ်စုနှစ်နှစ်စုကြာ အာဏာသိမ်းမှုများနှင့် အစိုးရအဖွဲ့များကို ပြုတ်ကျစေခဲ့သည့် တရားရုံး၏ စီရင်ချက်များဖြင့် နိုင်ငံရေး ကသောင်းကနင်း အခြေအနေထဲတွင် သံသရာလည်ခဲ့ပြီး ရွေးကောက်ခံပါတီများ၊ စစ်တပ်နှင့် ဆက်နွှယ်သည့် အင်အားစုများအကြား အာဏာလွန်ဆွဲနေဆဲဖြစ်သည်။

"အခုက ဒုံးရင်း အခြေအနေကို ပြန်ရောက်သွားတာပါ။ ပြည်သူတွေအတွက် ဘာတိုးတက်မှုမှ မရှိခဲ့ပါဘူး" ဟု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ချက်များနှင့်ပတ်သက်ပြီး ပီတာက သတင်းထောက်များကို ပြောကြား ခဲ့သည်။

"တိုးတက်မှုတွေဖြစ်စေဖို့ ကျနော်တို့ရဲ့ လှုပ်ရှားမှုတွေဟာ ရှုပ်ထွေးခဲ့ပါတယ်။ ကျနော်တို့ဟာ ဒီသံသရာထဲမှာပဲ လည်နေပါတယ်။ ရှေ့ဆက်တိုးနိုင်ပြီလို့ ကျနော်တို့ တွေးထင်ခဲ့မိပေးမယ့် တကယ်တမ်းတော့ ဒုံးရင်းအခြေအနေ မှာပဲ ရှိနေပါတယ်"ဟု ပီတာက ထပ်လောင်း ပြောကြားခဲ့သည်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်ကို ပြည်တွင်းရှိ ပညာရေးနယ်ပယ်မှ ပညာရှင်များနှင့် တရားရေးပညာရှင် စုစုပေါင်း ၁၃၄ ဦးက ဝေဖန်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုင်းအတိုက်အခံ ခေါင်းဆောင် ပီတာကိုတွေ့ရစဉ်

ဖွဲ့စည်းပုံအခြေခခံဥပဒေဆိုင်ရာခုံရုံးသည် ၎င်း၏ လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ဆောင်ခဲ့ကာ တရားရေးစနစ်နှင့် ဒီမိုကရေစီစနစ်အပေါ် ပြည်သူလူထု၏ ယုံကြည်မှုအား ထိခိုက်စေခဲ့သည်ဟု ၎င်းတို့က ပြောကြားခဲ့ကြသည်။

ပီတာသည် ထိုင်းတွင် နိုင်ငံရေးလောကမှ ပိတ်ပင်ခံခဲ့ရပြီးနောက် ဒီမိုကရေစီတက္ကသိုလ်ကျောင်း အဖွဲ့ဝင် တစ်ဦးအဖြစ် အမေရိကန်နိုင်ငံ ဟားဗက်တက္ကသိုလ်သို့ ပြန်လည်သွားရောက်မည်ဖြစ်သည်။

အသက် ၄၃ နှစ်အရွယ် ပီတာသည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ရာထူးနှင့် အသင့်တော်ဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း စစ်တမ်းများတွင် ရလဒ်များ ထွက်ပေါ်ခဲ့သော်လည်း ဘုရင်စနစ်အား အကာအကွယ်ပေးထားသည့် တော်ဝင် အသရေဖျက်မှုဥပဒေကို ပြင်ဆင်လိုသည့် ၎င်း၏ အားထုတ်ကြိုးပမ်းမှုများကြောင့် အထက်လွှတ်တော်၏ တားမြစ်ပိတ်ပင်မှုကြောင့် ဝန်ကြီးချုပ်ဖြစ်ရေးလမ်းစ ပိတ်ပင်သွားခဲ့သည်။

Source: ရိုက်တာ