CNI International News

ဘန်ကောက်၊ ဇွန်လ ၂၇

လွှတ်တော်၏ ဝန်ကြီးချုပ်အသစ် ရွေးချယ်မှုတွင် Move Forward ပါတီ (MFP)ခေါင်းဆောင် ပီတာလင်ဂျာရိုရန် ရတ်(Pita Limjaroenrat) အပြင် တခြားသော အမည်များကိုလည်း အဆိုပြု တင်သွင်းနိုင်ဖွယ်ရှိကြောင်း လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီး အကာနစ် မြူအမ်ဆာဝပ် (Akanit Muensawad) ကပြောသည်။  

မစ္စတာပီတာအား ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ရန် MFP ထောက်ခံသူများက လွှတ်တော်အမတ်များအပေါ် ဖိအားပေးမှုများ မြင့်တက်လာချိန်တွင် ၎င်းက ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။ 

တခြားသော ကိုယ်စားလှယ်ဟောင်းများ၏ အမည်စာရင်း တင်သွင်းမှုများလည်း ရှိလာနိုင်ခြင်းကြောင့် လွှတ်တော် အမတ်များအနေဖြင့် ဝန်ကြီးချုပ်အသစ်ရာထူးတွင် ကျင့်ဝတ်ပိုင်းနှင့် လုပ်နိုင်စွမ်း နှစ်ခုစလုံး ကောင်းမွန်သည်ဟု ၎င်းတို့ ယူဆသူအား မဲပေးရန် အခွင့်အရေး ရှိနေသည်ဟု ဗိုလ်ချုပ်ကြီး အကာနစ်က ပြောသည်။ 

လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီး အကာနစ် မြူအမ်ဆာဝပ်ကိုတွေ့ရစဉ်

MFP အနေဖြင့် ကနဦး အခြေအနေတွင် ကတည်းက လွှတ်တော်အမတ် ၃၇၆ ဦးထံမှ ထောက်ခံမဲ ရရှိထားသင့် ကြောင်း၊ ထိုအခြေအနေတွင် လွှတ်တော်အမတ်များသည် ဝန်ကြီးချုပ်အသစ် ရွေးချယ်မှုကို လက်ရှောင်နေတော့ မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ပီတာအနေဖြင့် လွှတ်တော်အတွင်းမှ ထောက်ခံမဲ ၃၇၆ မဲ မရရှိခဲ့လျှင် MFP အား ထောက်ခံသူများက လွှတ်တော် အား ပြစ်တင်ဝေဖန်မှု လုပ်ဆောင်လာနိုင်သည်ဆိုသည့် ခန့်မှန်းမှုများအပေါ် အကာနစ်က တုံ့ပြန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

အစပိုင်း ထောက်ခံမဲ ၃၇၆ မဲရခဲ့လျှင် အစိုးရဖြစ်လာမည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်နိုင်ပါသလား၊ ထိုသို့ မလုပ်နိုင်ခဲ့ လျှင်လည်း လွှတ်တော်၏အပြစ်ဟု မထိုးချသင့်ကြောင်း အကာနစ်က ပြောသည်။ 

MFP ပါတီသည် ပီတာအား ဝန်ကြီးချုပ်သစ်အဖြစ် တင်မြှောက်နိုင်ရေးအတွက် လွှတ်တော်အမတ်များနှင့် တွေ့  ဆုံဆွေးနွေးရန် ကြိုးပမ်းလျက်ရှိချိန်တွင် လွှတ်တော်အမတ်တချို့သည် ၎င်းတို့နှင့် တွေ့ဆုံလိုခြင်း မရှိဟုလည်း လွှတ်တော်အမတ် ဂျာတီသီရသာရာနွန့် (Jate Siratharanont) က ပြောသည်။ 

MFP သည် တော်ဝင်မိသားစုနှင့် သက်ဆိုင်သည့် ပုဒ်မ ၁၁၂ ကို ပြင်ဆင်လိုနေကြောင်း၊ ယင်းကို ပြည်သူတချို့က လက်မခံကြပေ။ 

Move Forward ပါတီ (MFP)ခေါင်းဆောင် ပီတာလင်ဂျာရိုရန်ရတ်ကိုတွေ့ရစဉ်

MFP ပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့များ ပြုပြင်ပြောင်းလဲရေး မူဝါဒနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ဗိုလ်ချုပ်ကြီး အကာနစ်က လက်နက်ကိုင်တပ်ဖွဲ့များအတွက် ပြုပြင်ပြောင်းလဲရေးကို လက်နက်ကိုင်တပ်ဖွဲ့ဝင်များကသာ လုပ်ဆောင်သင့်ကြောင်း၊ MFP မှ အဆိုပြုသည့် ပုံစံမျိုးမဖြစ်သင့်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 

MFP သည် ထိုင်းလက်နက်ကိုင် တပ်ဖွဲ့များအတွက် ပြုပြင်ပြောင်းလဲရေးမူဝါဒကို အမေရိကန် စစ်တပ် ဖွဲ့စည်းပုံ အား ကူးချထားသည်ဟုလည်း အကာနစ်က စွပ်စွဲသည်။ 

MFP ပါတီမှ အဆိုပြုထားသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် စစ်မှု မထမ်းမနေရစနစ်ကို ရပ်ဆိုင်း ထားရန်နှင့် ကာကွယ်ရေးကောင်စီ၊ ပြည်တွင်းလုံခြုံရေးဌာနချုပ် (Isco) နှင့် စစ်ခုံရုံးတို့အား ဖျက်သိမ်းမှုများ ပါဝင်နေသည်။ 

Source: ဘန်ကောက်ပို့စ်