CNI International News
ဆိုးလ်၊ ဇွန်လ ၂၇
ကိုရီးယားစစ်ပွဲဖြစ်ပွားခြင်း ၇၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြောက်ကိုရီးယားနိုင်ငံသားများသည် မြို့တော် ပြုံယမ်း (Pyongyang) တွင် ကြီးမားသည့် လူထုစုဝေးပွဲများ ကျင်းပကာ အမေရိကန်အား ဖျက်ဆီးရေးအတွက် လက်တုံ့ပြန်စစ်ပွဲ ကျင်းပရန် ဆောင်ပုဒ်များကို သံပြိုင်အော်ဟစ်ခဲ့ကြသည်။
ဇွန်လ ၂၅ ရက်နေ့ မြို့တော်တစ်လွှား ကျင်းပခဲ့သည့် လူထုစုဝေးပွဲများသို့ လုပ်သားနှင့်ကျောင်းသား ၁၂၀,၀၀၀ ခန့် တက်ရောက်ခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းတွင် ဖော်ပြထားသည်။
နိုင်ငံပိုင်သတင်းဌာနမှ ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ကွင်းလုံးပြည့် လူအုပ်ကြီးကို မြင်တွေ့ရပြီး ထိုသူများသည် အမေရိကန်တစ်နိုင်ငံလုံးသည် ငါတို့ပစ်ခတ်နိုင်သည့် အတိုင်းအတာ အတွင်း၌ပင်ရှိသည်၊ နယ်ချဲ့ အမေရိကန်တို့ သည် ငြိမ်းချမ်းရေးကို ဖျက်ဆီးသူများ ဖြစ်သည်ဟု အဓိပ္ပါယ်ရသည့် စာတန်းများကိုလည်း ကိုင်ဆောင်ထားသည် ကို တွေ့ရသည်။
အမေရိကန်ကို ဆန့်ကျင်ကြောင်း ပြသနေသည့် မြောက်ကိုရီးယားလူထု
ဇွန်လ ၂၅ ရက်နေ့ နှစ်ပတ်လည် အခမ်းအနားသည် မြောက်ကိုရီးယား အနေဖြင့် ၎င်းတို့၏ ပထမဆုံးသော စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး ဂြိုဟ်တုကို ထပ်မံလွှတ်တင် နိုင်သည်ဆိုသည့် စိုးရိမ်မှုများ ရှိနေချိန်တွင် ပေါ်ထွက်လာခဲ့သည်။
အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုကို စောင့်ကြည့်နိုင်မှုအား မြှင့်တင်ရန် ဂြိုဟ်တုလွှတ်တင်ခြင်းဖြစ်သည်။
သို့သော် ၎င်းတို့၏ မေလ ၃၁ ရက်က ပထမအကြိမ် ကြိုးပမ်းမှုသည် မအောင်မြင်ခဲ့ပေ။
အမေရိကန်၏ နယ်ချဲ့ဝါဒကို အပြစ်ပေးရန် မြောက်ကိုရီးယားသည် အခိုင်မာဆုံး လက်နက်ကို ပိုင်ဆိုင်ထား ကြောင်း၊ ကိုရီးယားကျွန်းပေါ်ရှိ လက်စားချေသူများသည် ရန်သူအား လက်စားချေရန်အတွက် တောက်လောင်နေ သော စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသည်ဟု KCNA တွင် ဖော်ပြသည်။
အမေရိကန်ကို ဆန့်ကျင်ကြောင်း ပြသနေသည့် မြောက်ကိုရီးယားလူထု
နျူကလီးယားပိုင်ရှင် မြောက်ကိုရီးယားသည် ၎င်းတို့၏ အကြီးမားဆုံးသော တိုက်ချင်းပစ် ပဲ့ထိန်ဒုံးကျည် အပါအဝင် လက်နက်ပေါင်းများစွာကို ပစ်ခတ်စမ်းသပ်ခဲ့သောကြောင့် တောင်ကိုရီးယားနှင့်သာမက အမေရိကန်နှင့်ပါ တင်းမာမှုများ မြင့်တက်လာခဲ့ရသည်။
နိုင်ငံခြားရေးဌာန၏ သီးခြားထုတ်ပြန်ချက် တစ်ခုတွင် အမေရိကန်သည် ဒေသတွင်းသို့ မဟာဗျူဟာမြောက် အင်အားများ ပို့ဆောင်နေကြောင်း စွပ်စွဲခဲ့သလို အမေရိကန်သည် နျူကလီးယားစစ်ပွဲ ဖြစ်ပွားစေရန် မီးရှို့ နေသည်ဟု ပြောခဲ့သည်။
၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲသည် သဘောတူညီချက် မဟုတ်သော အပစ်အခတ်ရပ်စဲရေး စာချုပ်ဖြင့်သာ အဆုံးသတ်ခဲ့ခြင်းကြောင့် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံသည် စစ်ပွဲအခြေအနေ၌ပင် တည်ရှိနေဆဲ ဖြစ် သည်။
Source: Reuters