CNI International News

ဆိုးလ်၊ ဧပြီ ၂၂

G-7 သည် အမေရိကန်၏ ဗိုလ်ကျမှုများအတွက် အသုံးပြုခံနေရသော လက်ကိုင်တုတ် အဖွဲ့သာဖြစ်သည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟိုင်(Choe Son Hui) က သောကြာနေ့တွင် ပြောကြားခဲ့ကြောင်း အေပီသတင်းမှ ရေးသား ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားတွင် နျူကလီးယား ဖယ်ရှားရေးနှင့် ပတ်သက်သည့် အဖွဲ့၏ တောင်းဆိုမှုများကို ပြင်းပြင်းထန် ထန် ဝေဖန်ရင်းဖြင့် ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

G-7 အဖွဲ့ဝင်နိုင်ငံများမှ ထိပ်တန်း သံတမန်များသည် မကြာသေးခင်က ဂျပန်တွင် တွေ့ဆုံခဲ့ကာ မြောက် ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည် ပစ်ခတ် စမ်းသပ်မှုများကို ပူးတွဲရှုတ်ချခဲ့သည်။

ထို့နောက် မြောက်ကိုရီးယားတွင် နျူကလီးယား လက်နက် လုံးဝ ကင်းစင်ရေးအတွက် ပေးထားသော ကတိများ အတိုင်း လိုက်နာ ဆောင်ရွက်သွားမည်ဟု ထပ်မံ ပြောဆိုခဲ့သည်။

ဂျပန်နိုင်ငံတွင် တွေ့ဆုံခဲ့သည့် G-7 နိုင်ငံများ

အဆိုပါ အစည်းအဝေးမှ ထုတ်ပြန်ချက်ကို လာမည့်လ၌ ဟီရိုရှီးမားတွင် ကျင်းပမည့် G-7 ညီလာခံမှာ ခေါင်းဆောင်များက ပုံစံတစ်ခုအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။

ထို့အပြင် မြောက်ကိုရီးယား၏ နျူကလီးယား အရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးကြဦးမည် ဖြစ်သည်။

G-7 နိုင်ငံများ အနေဖြင့် မြောက်ကိုရီးယား၏ အခြေခံ အကျိုးစီးပွားကို ထိပါးသည့် လုပ်ရပ်မျိုး ပြသလာပါက ကြိုတင်ခန့်မှန်း၍ မရသော၊ ပြင်းထန်သည့် တုံ့ပြန်မှုများဖြင့် ကြုံတွေ့ရမည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ချိုဆွန်ဟိုင် (Choe Son Hui) က ပြောသည်။

G-7 သည် တစ်ကိုယ်ကောင်းဆန်သည့် နိုင်ငံလက်စဆုပ်စာ ပါဝင်သော အဖွဲ့သာဖြစ်ကြောင်း၊ ယင်းသည် နိုင်ငံ တကာ အသိုင်းအဝိုင်း တစ်ခုလုံးကို ကိုယ်စားမပြုသည့် အမေရိကန်၏ အနိုင်ကျင့်မှုများအတွက် အသုံးပြုခံ နိုင်ငံရေး လက်ကိုင်တုတ် အဖွဲ့သာ ဖြစ်သည်ဟု ချိုက ပြောသည်။

တောင်ကိုရီးယားပြည်သူများကိုတွေ့ရစဉ်

မြောက်ကိုရီးယား အစိုးရသည် ၎င်းတို့အနေဖြင့် အမေရိကန်၏ နျူကလီးယား ခြိမ်းခြောက်မှုများ ရှိနေခြင်း ကြောင့်သာ နျူကလီးယား လက်နက်များကို မဖြစ်မနေ ဖန်တီးရန် အခြေအနေသို့ ရောက်ရှိလာခဲ့သည်ဟု ပြောဆို

ထားသည်။

ထို့အပြင် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုများလည်း ၎င်းတို့ကို ကျူးကျော်ရန် အစမ်းလေ့ကျင့်မှုများ ဖြစ်သည်ဟု မြောက်ကိုရီးယားအစိုးရက ရှုမြင်ထားသည်။

သို့သော် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ဘက်ကမူ ယင်းတို့သည် ကာကွယ်ရေး အတွက်သာ ဖြစ်ကြောင်း၊ တိုက်ခိုက်ရန် ရည်ရွယ်ချက် လုံးဝမရှိကြောင်း တုံ့ပြန်ထားသည်။

မြောက်ကိုရီးယားသည် ယခု ၂ နှစ်အတွင်း ဒုံးကျည် စမ်းသပ်မှုပေါင်း ၁၀၀ နီးပါးကို အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုများအပေါ် တုံ့ပြန်မှုများအဖြစ် လုပ်ဆောင်ခဲ့သည်။

သို့သော် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်(Kim Jong Un) သည် ပြိုင်ဘက်များ၏ စစ်ရေးလေ့ကျင့်မှု များကြောင့်ဟု ဆိုသောစကားကို အသုံးချကာ ၎င်းတို့၏ လက်နက် ပရိုဂရမ်များ အဆင့်မြှင့်တင်ရန် ကြိုးပမ်းနေ သည်ဟု ကျွမ်းကျင်သူများက မြင်နေကြသည်။

အလားတူ ပြည်တွင်း ခေါင်းဆောင်မှုကို ခိုင်မာစေရန်နှင့် နျူကလီးယားပိုင် တရားဝင်နိုင်ငံအဖြစ် အသိအမှတ် ပြုမှု ကို ရရှိကာ နိုင်ငံတကာ၏ ပိတ်ဆို့ အရေးယူမှုများမှ ကင်းလွှတ်ခွင့်ရရန် ကြိုးပမ်းနေသည်ဟုလည်း ကျွမ်းကျင် သူများက ပြောသည်။

Source: AP