CNI International News

ဆိုးလ်၊ စက်တင်ဘာ ၁

မြောက်ကိုရီးယားသည် တောင်ကိုရီးယားရှိ ပစ်မှတ်အားလုံးကို နျူကလီးယားဖြင့်တိုက်ခိုက်ရန် သရုပ်ဖော် လေ့ကျင့်သည့် စစ်ရေးလေ့ကျင့်မှုတစ်ခုကို ပြုလုပ်ခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက သြဂုတ် ၃၁ ရက်တွင် ဖော်ပြခဲ့သည်။

၎င်းနျူကလီးယားစစ်ရေးလေ့ကျင့်မှုသည် အမေရိကန်နှင့် တောင်ကိုရီးယား၏ စစ်ရေးလေ့ကျင့်မှုများကို တုံ့ပြန်သည့််အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။

အမေရိကန်၏ နျူကလီးယားတိုက်ခိုက်မှုကို ကြိုတင်လက်ဦးမှုရယူရန်အတွက် ထိုစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားက ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

နျူကလီးယားတိုက်ခိုက်ရေး မစ်ရှင်တွင် ဒုံးကျည်တပ်ဖွဲ့သည် ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ပစ်လွှတ်ခဲ့သည်ဟု မြောက်ကိုရီးယား ပြည်သူ့ တပ်မတော် (KPA) ၏ စစ်ဦးစီးချုပ်က ပြောသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်(Reuters)

"သြဂုတ် ၃၀ ရက်ညပိုင်းက KPA ဟာ နည်းဗျူဟာမြောက် နျူကလီးယား တိုက်ခိုက်ရေး စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပြီး တောင်ကိုရီးယားရဲ့ အဓိက စစ်ဌာနတွေနဲ့ လေယာဉ်ကွင်းတွေကို တိုက်ခိုက်တဲ့ ပုံစံမျိုးနဲ့ သရုပ်ဖော် လေ့ကျင့်ခဲ့ပါတယ်"ဟု မြောက်ကိုရီးယားစစ်ဦးစီးချုပ်က ပြောသည်။ 

အမေရိကန်သည် တောင်ကိုရီးယားနှင့် လေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများအတွက် B-1B ဗုံးကြဲ လေယာဉ် များကို ဖြန့်ကြက်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်းဒုံးကျည် နှစ်စင်းကို ပင်လယ်အတွင်းသို့ ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားက ပြောသည်။ 

အမေရိကန်သည် တောင်ကိုရီးယားနှင့် ၁၁ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို မပြုလုပ်မီ တစ်ရက် အလိုတွင် မြောက်ကိုရီးယားက ဒုံးကျည်များပစ်လွှတ်ခဲ့ခြင်းလည်းဖြစ်သည်။

မြောက်ကိုရီးယားက အမေရိကန်နှင့် တောင်ကိုရီးယား၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် စစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေမှုဖြစ်ကြောင်း ရှုတ်ချခဲ့သည်။

သြဂုတ် ၂၉ ရက်ကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် တောင်ကိုရီးယားနှင့် စစ်ပွဲဖြစ်ပွားမည့်အခြေအနေအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တပ်မှူးများနှင့်် စစ်တပ်၏ ဌာနအသီးသီးမှ ဝန်ထမ်းများပါဝင်သည့် စစ်ရေးလေ့ကျင့်မှုတစ်ခုကို လေ့လာကြည့်ရှုခဲ့သည်ဟု KCNA ကထုတ်ပြန်ခဲ့သည်။

ထိုစစ်ရေးလေ့ကျင့်မှုသည် အလစ်အငိုက် ကျူးကျော်ဝင်ရောက်ခံရသည့်အခြေအနေမျိုးတွင် တန်ပြန် တိုက်ခိုက်နိုင်ရေးနှင့် တောင်ကိုရီးယားတစ်နိုင်ငံလုံးကို သိမ်းယူရေးအတွက် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Source: ရိုက်တာ